ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ ၊ မြန်မာ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်စျေးကွက်သစ်ဖော်ဆောင်နိုင်ရေးဆွေးနွေး

မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့အကြား  လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန်၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်တို့ကိုရည်ရွယ်၍ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ Mr. Zhang Xiu Long ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့သည်  ဇွန်လ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် တာဝန်ရှိသူများအားလာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်များဖြစ်ကြသော ဦးကျော်မင်းဦး ၊ ဒေါက်တာခင်ဇော် နှင့် ဦးကျော်ငွေ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ တာဝန်ရှိသူများ နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာပညာရှင်များ တက်ရောက် ဆွေးနွေး ကြသည်။

နှစ်ဘက်ဆွေးနွေးရာတွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနေဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုများစွာရှိသော်လည်း ဒေသ၏ စားသုံးမှု လိုအပ်ချက်အရ မြန်မာ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အတွက် စျေးကွက် လိုအပ်ချက် ရှိနေမှု အခြေအ‌နေများကိုလည်းကောင်း ၊ နှစ်ဘက် ပညာရှင်များအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းပညာ နှင့် သုတေသနလုပ်ငန်း ပူးပေါင်း ဆောင်ရွက် ရန် ကိစ္စရပ်များကိုလည်းကောင်း၊ ကွမ်ရှီးကျွမ့် ဒေသတွင် လက်ရှိ အောင်မြင်နေသည့် အစေ့ထုတ်ပြောင်းစိုက်ပျိုးမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ထွန်းနိုင်မှု အလားအလာများ ကို လည်းကောင်း၊ ဓါတုပိုးသတ်ဆေးများ လျော့ချပြီး သဘာဝနည်း ဖြင့် အဖျက်ပိုး ကာကွယ် နှိမ်နင်းမှု နည်းပညာ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာ့စိန်တစ်လုံးသရက်၏ အရည် အသွေး သည် ကွမ်ရှီးကျွမ့်ဒေသ၌ စျေးကွက်ဝင် စျေးကောင်းရရှိနိုင်မှု အခြေအနေများ ကို လည်းကောင်း၊ ကြံဝယ်ယူ နိုင်ရေးအတွက် နှစ်ဘက်တာဝန်ရှိသူများ နှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်း ဆွေးနွေးရန် လိုအပ် ချက်များကိုလည်းကောင်း၊ တရုတ်နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် ဝက်မွေးမြူရေး နည်းစနစ်သစ် အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။