ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူ တန်း ကျောင်းသား၊ ကျောင်းသူများ အားပညာသင် ဆုချီးမြှင့်

တောင်သူ လယ်သမား တို့၏ လူမှုစီးပွားဘဝ အခြေအနေ မြင့်မားတိုးတက် လာစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ မူဝါဒများနှင့်လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရာ၌ သုတေသနနှင့် ပညာပေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို ပန်းတိုင် တစ်ခု အဖြစ် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံတော်၏ လယ်ယာကဏ္ဍကို ပုခုံးပြောင်း တာဝန် ယူလာကြမည့် အနာဂတ် စိုက်ပျိုးရေး ပညာရှင်များဖြစ်လာစေရေး ကြိုးပမ်းမှုနှင့်အတူ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးရှိစေမည့် သုတေသနလုပ်ငန်းများ ကြိုးစားဖော်ဆောင် ကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းတိုင်းသည် ရလဒ်ကောင်းများ မထွက်နိုင်သော်လည်း၊ သုတေသနရလဒ်ကောင်းတစ်ချက်သည် အကျိုးစီးပွား များစွာအား ဆောင်ကြဉ်းပေးနိုင်သည်ကို နှလုံးသွင်းကြိုးပမ်းကြစေလိုကြောင်း၊  ဇူလိုင်လ (၂၃)ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် စုဝေးဆောင်ခန်းမ၌ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yuntianhua Group တို့ ပူးပေါင်း ကျင်းပ ပြုလုပ်သည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် တက်ရောက်နေကြသော ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ အမြဲတမ်းအတွင်းဝန်-ငြိမ်း ဒေါက်တာတင်ထွဋ် ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် နန်းတိုင်ဟွမ် နှင့် ပါမောက္ခဌာနမှူးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yuntianhua Group မှ Vice General Manager ဖြစ်သူ Mr. Liu Hexing နှင့် တာဝန်ရှိသူများ၊  ပညာသင်ဆု ရယူကြမည့် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူ တန်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yuntianhua Group မှ Vice General Manager ဖြစ်သူ Mr. Liu Hexing ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် တို့က ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ဆုချီးမြှင့်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။

ထို့နောက် Marketing Director of Yuntianhua United Commerce Co. Ltd., မှ Justin Cai က စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများရရှိမှု များကို ပါဝါပွိုင့် ဖြင့် ရှင်းလင်းပြသသည်။

Yuntianhua သုတေသနဆုနှင့် ပညာသင်ဆုများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့လွန်သင်တန်းများ ဖြစ်သည့် မဟာသိပ္ပံတန်း နှင့် ပါရဂူတန်းများမှ ကျောင်းသား ကျောင်းသူများကို နိုင်ငံအကျိုးပြုစိုက်ပျိုးရေးဆိုင်ရာသုတေသနများလုပ်ဆောင်နိုင်ရန်အတွက် သုတေသနဆုကိုလည်းကောင်း၊  ဘွဲ့ကြိုကျောင်းသားမျာဖြစ်သည့် Semester-II , Semester-IV  တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆောင်ရွက်မည့် သုတေသနဆိုင်ရာများကို လူတွေ့မေးမြန်း၍ အမှတ်အများဆုံးရရှိသည့် ကျောင်းသား ကျောင်းသူများကို ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

ယနေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပါရဂူ ပညာသင်ဆု ရရှိသူ ၃ ဦး အား တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၁၆၀၀ နှုန်း ၊  မဟာသိပ္ပံ ပညာသင်ဆု ရရှိသူ ၆ ဦး အား တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၁၂၀၀ နှုန်း ၊ ဘွဲ့ကြို သင်တန်း ကျောင်းသား ကျောင်းသူ ၂၀ဦး အား တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၈၅၀ နှုန်း ပေးအပ်ချီးမြှင့်ကြရာ  ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူ တန်းများမှ ကျောင်းသား၊ ကျောင်းသူများ က လက်ခံရယူ ခဲ့ကြကြောင်း သိရှိရသည်။