စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်တွင်း ပြည်ပ ပညာသင်ကိုယ်စားလှယ်များ၏ အတွေ့ အကြုံများ ရှင်းလင်းပွဲကို ဇွန်လ (၅) ရက်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ် (၄၃)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ပြည်တွင်း ပြည်ပ ပညာသင် ကိုယ်စားလှယ်များတက်ရောက်ကြသည်။
ညွှန်ကြားရေးမှူးချုပ် က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးရေး နှင့် လယ်ယာ ထွက်ကုန် ဆိုင်ရာ နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ကို အဓိကတာဝန်ယူ ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့် နည်းပညာများ၊ ဂျီအေပီကျင့်စဉ်များ နှင့် အော်ဂဲနစ်စံချိန်စံညွှန်းများ ၊ သုတေသန လုပ်ငန်း စဉ်များ ၊ မျိုးစေ့ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးပညာပေးရေးလုပ်ငန်းများဖြင့် တောင်သူများ စျေးကွက်ဝင် စျေးကောင်းရ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ဝင်ငွေတိုးတက်ရရှိ စေရေး တို့ကို ဦးစားပေးအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ လေ့လာ ဆည်းပူးခဲ့သည့် ပညာရပ်များနှင့် ကျွမ်းကျင်မှုအလိုက် လူမှန်၊ နေရာမှန် ဆောင်ရွက် ကြရန်လိုကြောင်း၊ ပညာရှင်ဝန်ထမ်းများ ပြန်းတီးမှုမဖြစ်ပေါ်စေရေး အတွက် စိတ်ဝင်စားရာနယ်ပယ်အလိုက် တာဝန်ချထား၍ သုတေသနနှင့်နည်းပညာပြန့်ပွားရေး
လုပ်ငန်းများ အား စီမံဆောင်ရွက်ကြရန် နှင့် ပံ့ပိုးကူညီကြရန်လိုကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းများစိုက်ထုတ်ပြီး စီမံခန့်ခွဲမှုနည်းလမ်းကောင်းများဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး ကြိုးပမ်း အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်များအလိုက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ပြည်ပ မဟာဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် လေ့လာရေးခရီးစဉ်များ၊ ပြည်တွင်းသင်တန်းများသို့ ပညာသင်ကိုယ်စားလှယ်များအား Online စနစ်ဖြင့် လျှောက်ထားခွင့်ပြုပြီး အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများကို စိစစ် ရွေးချယ်၍ တက်ရောက်သင်ကြားစေလျက် ရှိရာ အဆိုပါ သင်တန်းများမှ ပြန်လည် ရောက်ရှိလာကြသည့် စိုက်ပျိုးရေးဦးစီးဌာန မှ ပညာသင် ကိုယ်စားလှယ်များ၏ ရရှိလာသည့် အတွေ့အကြုံ၊ ဗဟု သုတများ၊ နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသည့် လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာများအား စိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများအချင်းချင်း ပြန်လည်မျှဝေ ဖလှယ်နိုင်ကြစေရန် ယခုကဲ့သို့သော ဆွေးနွေးပွဲကို လစဉ် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။