နယ်သတင်းများ သတင်းကဏ္ဍ

တစ်ဧကအကျိူး အမြတ် ပိုမိုရရှိသည့် နွေနှမ်းသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က တောင်သူများအား ပညာပေးစည်းရုံးဆောင်ရွက်နိုင်ခဲ့

        မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က ကျင်းပပြုလုပ်သော တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲ ကို ဇွန်လ ၃ ရက် နံနက်ပိုင်းက ပင်းဝအုပ်စု၊ ရွာသစ်ကလေး ကျေးရွာ ကွင်းအမှတ်(၈)၊ တောင်သူ ဦးကျော်ဇော ၏ နွေနှမ်(၁၀)ဧက စံပြကွက် ၌ ကျင်းပရာ  ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှ ၊ မကွေးခရိုင် စိုက်ပျိူးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးငွေဆန်း ၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမာန်ကိုဟော ၊ မြို့နယ်လယ်စီအဖွဲ့ဝင်များ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ချိူ နှင့် ဝန်ထမ်းများ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

တောင်သူပညာပေးကွင်းသရုပ်ပြပွဲအား နွေနှမ်(၁၀)ဧက စံပြကွက်၊ စံကွက် ရိတ်သိမ်း ခြင်း၊ နှမ်း(GAP)စနစ် ချက်ခြင်း နုတ်၊ ချက်ခြင်း စည်း၊ ချက်ခြင်းထောင် စနစ် ဆောင်ရွက် ပြသခြင်းများ အပြင် တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲ သို့ တက်ရောက် လာကြသော တောင်သူများအား စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး နှင့် မြို့နယ်ဦးစီးမှူး တို့က နှမ်း(GAP)စနစ် စိုက်ပျိုးရေး နည်းပညာများ၊ ရေလိုအပ်မှုနည်းပြီး တစ်ဧကအကျိုးအမြတ်ပိုမိုရရှိနိုင်သည့် နွေနှမ်းတိုးချဲ့ စိုက်ပျိုးရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် သိပ္ပံနှမ်းနက် နှမ်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး ၊ ရေမတက်မီ နွေနှမ်းရိတ်သိမ်းချိန်တွင် ဝင်ငွေရရှိနိုင်သည့်သက်တမ်းတို ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး တို့ကို နည်းပညာပေးဆွေးနွေးခဲ့ကြသည်။

နွေစပါးစိုက်ပျိူးပါက တစ်ဧက အကျိုး အမြတ် ၂၈၅၀၀၀ ရရှိနိုင်မည်ဖြစ်ပြီး နွေနှမ်းသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် နှမ်းနက်၏ လက်ရှိ ဒေသပေါက်စျေးမှာ တစ်တင်း ၈၂ဝဝဝ ကျပ် ဖြစ်၍ ခန့်မှန်း အထွက်နှုန်း တစ်ဧက ၁၃ တင်းနှုန်း ထွက်ရှိနိုင်ရာ  တစ်ဧက အကျိုးအမြတ် ကျပ် ၈၅ဝဝဝဝ ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး က ပြောသည်။

ရေနံချောင်းမြို့နယ် ၏ ၂၀၀၈ ခုနှစ် နွေနှမ်း စိုက်ဧကမှာ ၈၂၃ ဧက ဖြစ်ပြီး ပင်းဝအုပ်စု တွင် ၂၁၀ ဧက စိုက်ပျိူးခဲ့သည်။ ပင်းဝအုပ်စု သည် ဧရာဝတီမြစ်နှင့် ပင်းချောင်းကြား တွင် တည်ရှိပြီး စိုက်ပျိူးမြေ ဧရိယာများ သည် မြစ်ရေတက်ချိန် ဇူလိုင်လလယ် မှ စတင်ဘာလကုန်ထိ ရေနှစ်မြုပ် ပြီး မြစ်ရေ ကျချိန် အောက်တိုဘာလမှ ဇွန်လကုန် ထိ စိုက်ပျိူးကြသည်။ နှစ်စဉ် ပထမ သီးနှံ ကြက်သွန်နီ နှင့် ဒုတိယသီးနှံ နွေစပါးစိုက်ပျိူးကြပြီး ၂၀၁၈ ခုနှစ် ပထမသီးနှံ ကြက်သွန်နီ စိုက်ပျိူး ပြီးချိန်တွင် ဒုတိသီးနှံအဖြစ် နွေစပါး သီးနှံ အစား ရေလိုအပ်မှုနည်းပြီး တစ်ဧက အကျိူး အမြတ် ပိုမိုရရှိနိုင်သည့် နွေနှမ်းသီးနှံ ပြောင်းလဲစိုက်ပျိုးရန် စိုက်ပျိူးရေးဦးစီးဌာန က တောင်သူ များ အား ပညာပေး စည်းရုံးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။