ဆည်-ရေကဏ္ဍ ဆောင်းပါး

ရေအသုံးချသူများနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဆီသို့

ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးအရ Stay Home ကာလတွင် နွေရာသီနှင့်အတူ သိသိသာသာ မြင့်မားသော အပူချိန်ကို အန်တုဖြတ်သန်းနေထိုင်ရင်း အတန်ငယ် ငြီးငွေ့မှုဖြစ်ပေါ်လာခဲ့ရာ မေလနှောင်းပိုင်းတွင် အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် မိုးရိပ်လေရိပ် သန်းလာပြီး အပူချိန်လည်း တစ်စတစ်စလျော့ကျ လာသည့်တစ်နေ့တွင် မိမိနေထိုင်ရာ လယ်ဝေးမြို့နယ် အတွင်းရှိ စစ်တောင်းမြစ်တစ်ဖက်ကမ်း ပင်သောင် ကျေးရွာတွင် နေထိုင်သော မိတ်ဆွေတစ်ဦးထံ အကြောင်း ကိစ္စတစ်ခုဖြင့် သွားရောက်ခဲ့သည်။

စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေ
ပေါင်းလောင်းတူးမြောင်းပေါင် လမ်းတစ်လျှောက် သွားလာခဲ့ရာ နွေစပါးစိုက်ခင်းများနှင့် ဆည်ရေပေးဝေနေ မှုကို တွေ့မြင်ရပြီး ပင်သောင်ရွာအနီး တူးမြောင်း၏ ယာဘက်တွင် တစ်ဆက်တစ်စပ်တည်း လယ်မြေများအား စက်ယန္တရားကြီးများ အသုံးပြုလျက် စနစ်ကျလယ်ယာ မြေ ဖော်ထုတ်နေသည်ကိုလည်း မရောက်ရှိခဲ့သည့် လေးလတာကာလအတွင်း ပြောင်းလဲမှုမြင်ကွင်းသစ် အဖြစ် အံ့သြမှုနှင့်အတူ အားရကျေနပ်စွာ တွေ့မြင်ခဲ့ရ သည်။
မိတ်ဆွေနှင့်လာရင်းကိစ္စ ပြောဆိုဆောင်ရွက်ပြီး အပြန်တွင် စနစ်ကျလယ်ယာမြေပေါ်ပေါက်ရေး၌ တောင်သူကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက် နေသည့် ထိုမိတ်ဆွေ၏ အကူအညီဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လေ့လာခွင့်ရခဲ့သည့်အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ တာဝန်ခံများနှင့် တွေ့ဆုံကာ သိလိုသည်များ မေးမြန်းခွင့်ရခဲ့သည်။

စနစ်ကျလယ်ယာမြေဆိုသည့်အတိုင်း မူလက မညီညာသော၊ ပုံသဏ္ဌာန်မမှန်သော လယ်ကွက်များကို ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေနုတ်မြောင်း၊ စက်ဆင်းလမ်း၊ ရေသွင်း၊ ရေနုတ် အဆောက်အအုံများ ပါဝင်၍ မျက်နှာပြင်ညီညာသော လယ်ကွက်များအဖြစ် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းကို International Fund for Agri-cultural Development(IFAD) ချေးငွေဖြင့် မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်းစီမံကိန်း (FARM Project) ၏ စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍအနေဖြင့် ဆောင်ရွက် ခဲ့သည်။
ပင်သောင်စနစ်ကျလယ်ယာမြေဧက ၃၄၀ စီမံကိန်း အကောင်အထည်ဖော် ဖြစ်မြောက်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက် ကြခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ပူးပေါင်းဖော်ဆောင်ခဲ့သည်။

စီမံကိန်းအတွက် တည်ဆောက်ရေးမစမီ အကြို ပြင်ဆင်ခြင်းလုပ်ငန်းများအနေဖြင့် တောင်သူသဘော တူညီချက်ရယူခြင်း၊ တိုင်းတာပုံထုတ်ခြင်း၊ တောင်သူ ပိုင်ဆိုင်မှုမြေပုံနှင့် စာရင်းပြုစု သဘောတူညီချက်ရယူခြင်း၊ ပြန်လည်နေရာချထားရေး အစီအစဉ်ရေးဆွဲ အတည် ပြုခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး တည်ဆောက် ရေးကာလမှာ လေးလခန့်ကြာမြင့်၍ ယခု မေလကုန်တွင် ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သည်။


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟက “စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း ဖြင့် သမားရိုးကျလက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ သို့ ကူးပြောင်းနိုင်မည်ဖြစ်ပြီး သိပ္ပံနည်းကျစိုက်ပျိုးရေးစနစ် များ အသုံးပြုနိုင်၍ စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား မြင့်မားရေး၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်ရေး၊ ထုတ်လုပ်မှုစရိတ်လျော့ကျနိုင်ရေးနှင့် ကျေးလက်နေ တောင်သူတို့၏ဝင်ငွေ တိုးတက်မြင့်မားလာ၍ လူနေမှု ဘဝတိုးတက်လာစေရန် ရည်ရွယ်ကြောင်း” ပြောသည်။
လူမှုရေးအကျိုးသက်ရောက်မှုများနှင့် ရေရှည် တည်တံ့စေရန် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ “စနစ်ကျ လယ်ယာမြေ ဖော်ဆောင်ခြင်းက သီးထပ်၊ သီးညှပ်တွေ တိုးမြှင့်စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေအဖြစ် ပြောင်းလဲ သွားတဲ့အတွက် မူလတန်ဖိုးထက် များစွာမြင့်တက်လာခြင်း၊ ရေသွင်း၊ ရေနုတ်စနစ်တွေ ထည့်သွင်းဆောင်ရွက်ထားတဲ့ အတွက် တောင်သူတွေ ရေကို စနစ်တကျလွယ်ကူစွာ ရယူနိုင်ခြင်းကြောင့် ရေကြောင့်ဖြစ်ပွားတဲ့ ပဋိပက္ခတွေ ကင်းဝေးခြင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံတွေ ပျက်စီး ဆုံးရှုံးခြင်းဒုက္ခများမှ ကင်းဝေးခြင်း၊ ကုန်ထုတ်လမ်းတွေ ပါဝင်တဲ့အတွက် သွင်းအားစုနဲ့ ထုတ်ကုန်တွေကို သယ်ယူမှု လွယ်ကူခြင်း၊ ကုန်ကျစရိတ် လျော့နည်းသက်သာလာခြင်း၊ စိုက်ပျိုးရေးစက်ယန္တရားတွေ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်တဲ့အတွက် အချိန်ကုန်သက်သာပြီး ကုန်ထုတ် လုပ်မှုတွေ တိုးတက်လာတဲ့အတွက် တောင်သူတွေ ဝင်ငွေ တိုးတက်လာပြီး ဒေသတွင်း ဝမ်းစာလုံလောက်ခြင်းစတဲ့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သီဟက ရှင်းပြသည်။

စနစ်ကျလယ်ယာမြေ ဖော်ဆောင်ပြီးနောက် တည်ဆောက်ပြီး အခြေခံအဆောက်အအုံများနှင့် ၎င်း၏ အကျိုး ရလဒ်များ ရေရှည်တည်တံ့ပြီး ပုံမှန်လည်ပတ်နိုင်ရေး အတွက် သက်ဆိုင်ရာ တောင်သူများဖြင့် ရေအသုံးချသူ များအဖွဲ့ (WUG)များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို စီမံကိန်းတွင် လျာထားဆောင်ရွက်လျက်ရှိသည်။
ရေကို အကျိုးရှိစွာအသုံးပြုနိုင်ရေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တောင်သူဦးကြီးများ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး အတွက် လိုအပ်သည့်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် ဆည်မြောင်းစနစ် ဆောင်ရွက်ချက်များ တိုးတက်လာစေရန် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုအပြင် ရေအသုံးချတောင်သူ များ ပါဝင်သော ပူးပေါင်းစီမံခန့်ခွဲ မှုနည်းလမ်းကိုပါ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နိုင်ငံများစွာတွင် ပူးပေါင်းပါဝင်ဆည်မြောင်း စနစ်စီမံခန့်ခွဲမှုသည် အများလက်ခံနိုင်သည့် အလေ့အကျင့် ကောင်းတစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံ များ၏ အတွေ့အကြုံများကို လေ့လာသိရှိလာခြင်းနှင့် ဒီမိုကရေစီပြောင်းလဲမှုများ ရှိလာပြီဖြစ်သည်နှင့်အညီ အစိုးရစီမံမှုစနစ်မှ ပူးပေါင်းစီမံမှုစနစ်သို့ ပြောင်းလဲလာခြင်း ကို အထောက်အကူပြုလာသဖြင့် ပိုမိုကောင်းမွန်သော ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် စီမံခန့်ခွဲမှုကို ဖြစ်ပေါ် လာစေသည်။
ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိက ဆောင်ရွက်နေသူများဖြစ်သည့် ရေအသုံးချသူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသော အခန်းကဏ္ဍ ဖြစ်သည့် ရေအသုံးချသူများ အဖွဲ့/အသင်းကို ထူထောင် ခြင်း၊ နည်းပညာဖြန့်ဝေခြင်းဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့နိုင်သည့် ပံ့ပိုးမှု အစီအမံ များ ဆောင်ရွက်ခြင်းတို့ကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်သည်။
FARM Project စီမံကိန်းကာလတွင် ယနေ့အထိ ပေါင်းလောင်းဆည် ရေသောက်ဧရိယာအတွင်း ဧက ၂၈၀၀ ကို စနစ်ကျလယ်ယာမြေဖော်ဆောင်၍ ရေအသုံး ချသူများအဖွဲ့ (WUG) ၉၁ ဖွဲ့ ဖွဲ့စည်းထားသည်။
ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းတည်ထောင်
ရေအသုံးချသူများ အဖွဲ့/အသင်း (WUG/ WUA) ဖွဲ့စည်းတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ “(၁) မြောင်းမ ကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်တံခွဲမြောင်းက တိုက်ရိုက်ရေပေးတဲ့ ရေထုတ်ပေါက်/ လယ်ကြား မြောင်း (သို့မဟုတ်) ရေထုတ်ပေါက်များ/ လယ်ကြား မြောင်းများမှာ ရေအသုံးချသူများအဖွဲ့ (WUG)ကို ဖွဲ့စည်းနိုင်ပါတယ်။ (၂) မြောင်းမကြီး၊ လက်တံမြောင်း (သို့မဟုတ်) လက်တံခွဲမြောင်း (သို့မဟုတ်) ၎င်းတို့ရဲ့ အစိတ်အပိုင်း တစ်ခုမှာ ရေအသုံးချသူများအသင်း (WUA) ကို ဖွဲ့စည်းနိုင်ပါတယ်” ဟု ဦးစီးအရာရှိ ဦးမျိုးမင်းသန့်က ရှင်းပြသည်။
ပေါင်းလောင်းဆည် ရေသောက်စနစ်အတွင်းရှိ ရေအသုံးချသူများအဖွဲ့(WUG)များနှင့် စပ်လျဉ်း၍ လယ်ဝေးမြို့နယ် ပျံချီကျေးရွာနေ ရေအသုံးချသူများ အဖွဲ့ဝင်(WUG) တောင်သူ ဦးညွန့်ဝင်းက “ပျံချီ စနစ်ကျ လယ်ယာမြေ ၄၆၈ ဧကမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဦးဆောင်ပြီး လယ်ကြားမြောင်း ၁၆ မြောင်းအတွက် WUG အဖွဲ့ ၁၆ ဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ တစ်ဖွဲ့မှာ တောင်သူ ရှစ်ဦးမှ ၂၀ အထိ ပါဝင်ပြီး တစ်ဖွဲ့အတွက် ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တို့ကို အဖွဲ့ဝင်တွေကနေ မဲပေးရွေးချယ်ခဲ့ပါ တယ်။ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဦးဆောင်ပြီး တောင်သူတွေနဲ့ တွေ့ဆုံခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ တွေ့ဆုံပွဲနဲ့ အစည်းအဝေးတွေမှာ WUG အဖွဲ့ရဲ့ အရေးပါပုံ၊ ဖွဲ့စည်း ရန် လိုအပ်ပုံ၊ ဆောင်ရွက်ရမယ့်တာဝန်ဝတ္တရားတွေ၊ လိုက်နာရမယ့် ဆည်မြောင်းဥပဒေတွေကို ရှင်းလင်း ပြောကြားခြင်း၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခြင်း စတဲ့ အသိပညာပေးခြင်းတွေကို ဆောင်ရွက်ကြပါတယ်” ဟု ရှင်းပြသည်။ v စာမျက်နှာ ၂၂ မှ
ဆည်ရေပေးသွင်းရာတွင် ဌာနမှ တူးမြောင်းမကြီးမှ တစ်ဆင့် လက်တံမြောင်း၊ လက်တံခွဲမြောင်း၊ တိုက်ရိုက် မြောင်းတို့၏ ရေထုတ်ပေါက်များအထိပေးဝေပြီး ရေထုတ် ပေါက်မှ စိုက်ကွင်းများအတွင်းသို့ တောင်သူများမှ ရေသွင်းစိုက်ပျိုးသည့်အတွက် စိုက်ကွင်းများအတွင်း အချိန်တိုအတွင်း လိုအပ်သည့်နေရာသို့ ဆည်ရေရောက်ရှိ နိုင်ရန်၊ မိမိလယ်ကွက်အတွင်း မိမိမြောင်းဖြင့် လိုအပ် သည့်အချိန် ရေယူနိုင်ရန်၊ အချင်းချင်း ရေပဋိပက္ခများမှ ကင်းဝေးစေရန်၊ ရေအလေအလွင့်နည်းပြီး ပိုမိုများပြား သော လယ်ကွက်များသို့ ဆည်ရေတိုးချဲ့ပေးနိုင်ရန်၊ ဆည်ရေပေးဝေရာတွင် မိမိတို့ကိုယ်တိုင် ပါဝင်စီမံ ဆောင်ရွက်နိုင်ရန် ကွက်ဆင့်သောက်စနစ်မဟုတ်ဘဲ စိုက်ကွင်းအတွင်း ဆည်ရေပေးအခြေခံအဆောက်အအုံဖြစ်သည့် တောင်သူပိုင် လယ်ကြားမြောင်းကို တူးဖော်ရန် လိုအပ်သည်။ တူးဖော်ပြီး လယ်ကြားမြောင်းများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့်အတွက် ရေအသုံးချ သူများအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်သည်။
မျှတသောရေပေးဝေမှုဖြစ်စေရန်ဖြေရှင်းပေး
“ရေရယူရန်အတွက် စိုက်ပျိုးမယ့်သီးနှံ၊ အချိန်တို့ကို ညှိနှိုင်းသတ်မှတ်ခြင်းနဲ့ ဌာနကိုတင်ပြခြင်း၊ ရေပေးချိန် သတ်မှတ်ရန် အချိန်မီ လယ်ကြားမြောင်းရှင်းလင်းခြင်း၊ ပြုပြင်ခြင်းတွေဆောင်ရွက်ဖို့ စည်းရုံးခြင်း၊ အချိန်မီ ဆောင်ရွက်ခြင်း၊ ရေပေးဝေတဲ့ကာလမှာ မျှတတဲ့ ရေပေးဝေမှုဖြစ်စေဖို့ စောင့်ကြည့်ညှိနှိုင်းဖြေရှင်းခြင်း၊ WUG က ဆောင်ရွက်နိုင်တဲ့ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေကို ဌာနသို့တင်ပြပြီး ပူးပေါင်းစီမံခန့်ခွဲမှု ဆောင်ရွက်ရပါတယ်” ဟု တောင်သူ ဦးညွန့်ဝင်းက ပြောသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် FARM Project နှင့်ပူးပေါင်း၍ WUG အဖွဲ့ဝင်များကို စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များ ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ် မေလအတွင်း နေပြည်တော်မှ တောင်သူလယ်သမားကိုယ်စားလှယ် ၄၀ သည် ပဲခူး အနောက်ခြမ်း ဆည်ရေဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည့် ဝဲကြီးနှင့် တောင်နဝင်းဆည်ရေသောက်စနစ် ပြုပြင် မွမ်းမံခြင်းစီမံကိန်းများ၌ ရေအသုံးချသူများအဖွဲ့(WUG) များ ဖွဲ့စည်းဆောင်ရွက်မှု၊ ရေအသုံးချသူများအသင်းသို့ တိုးမြှင့်ဖွဲ့စည်းမှုများ ဌာနနှင့်ပူးပေါင်း၍ စီမံခန့်ခွဲ ဆောင်ရွက်မှု၊ ထိန်းသိမ်းလည်ပတ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ မိမိနေရပ်ရှိ မိတ်ဆွေတောင်သူများသို့ အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း၊ ရေအသုံးချသူများ အသင်း တိုးမြှင့်ဖွဲ့စည်းနိုင်ရန်နှင့် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် ထွန်းကားလာရေးတို့ကို ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေချိုရှားပါးမှုတိုးလာ
ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ ရေသယံဇာတများ ထိခိုက်လာပြီး ရေချိုရှားပါးမှုသည် တစ်စထက်တစ်စ တိုးမြင့်လာလျက်ရှိသည်။ လူသားတို့ ၏ လိုအပ်ချက်များအရ ရေသယံဇာတအရင်းအမြစ်များ ကို နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူသုံးစွဲလျက်ရှိရာ စိုက်ပျိုးရေသုံးစွဲမှုပမာဏသည် များပြားလျက်ရှိသည်။
သိသာထင်ရှားသည့် သာဓကအနေဖြင့် စာရေးသူ လေ့လာမိသမျှ ပေါင်းလောင်းဆည်ရေသောက်နွေစပါး ဆည်ရေပေးဝေရန် တစ်ရက် ရေဧကပေ ၁၂၀၀ ခန့် (ရေဂါလန် ၃၂၄ သန်း) ဖြန့်ဝေသုံးစွဲနေရပြီး နေပြည်တော် ၏ လူဦးရေ ကိုးသိန်းခန့် အနာဂတ် သောက်သုံးရေဖူလုံ ရေးအတွက် တိုးမြှင့်ပေးဝေနိုင်ရေး လျာထားသော တစ်ရက် ရေဂါလန် ၃၅ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀ ဆခန့် ရှိသည်ကို လေ့လာတွေ့ရှိရသည်။
စိုက်ပျိုးရေ အလေအလွင့်နည်းပါးရေး၊ ထိရောက် အကျိုးရှိစွာသုံးစွဲနိုင်ရေး၊ ရေအသုံးချသူများအဖွဲ့/အသင်း များ တည်ထောင်၍ ပါဝင်စီမံမှုသည် ရေသယံဇာတ အရင်းအမြစ်စီမံမှုအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်စေပြီး ကျေးလက်နေပြည်သူအများစုဖြစ်သည့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက် နိုင်ခြင်းဖြင့် “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်”ကို “လူထု ဗဟိုပြုသော ရေစီမံခန့်ခွဲမှု” တစ်ခုအနေဖြင့် မှတ်တမ်းပြု တင်ပြလိုက်ရပါသည်။ ။

ဆောင်းပါးရှင် – ထက်လျှံ
၃-၆-၂၀၂၀နေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်။