စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာ ဌာနခွဲမှ ဦးစီး၍ “ကမ္ဘာ့မြေဆီလွှာနေ့” အခမ်းအနားကို ဒီဇင်ဘာလ (၅) ရက်နေ့က ရေဆင်း၊ နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဌာနစုတာဝန်ခံများ၊ သုတေသနပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်လူငယ်စိုက်ပျိုးရေးသုတေသီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
မြေဆီလွှာသည် လူသားများအတွက် တန်ဖိုးမဖြတ်နိုင်သည့် သဘာဝအရင်းအမြစ် ဖြစ်သောကြောင့် မြေဆီလွှာ မပျက်စီးအောင် ထိန်းသိမ်းရန်အတွက် အားလုံးတွင် တာဝန်ရှိပါကြောင်း၊ စိုက်ပျိုးရေး ပညာရှင်များအနေဖြင့်မြေဆီလွှာ ပျက်စီးဆုံးရှုံးစေမည့် အကြောင်းအရာများအား ကာကွယ်ရန် လိုအပ်ကြောင်းနှင့် မြေဆီလွှာ ထိန်းသိမ်းခြင်းဖြင့် အဟာရပြည့်ဝသည့် စားနပ်ရိက္ခာများ ရရှိမည်ဖြစ်သောကြောင့် ကျန်းမာ သန်စွမ်း ဉာဏ်ရည်ထက်မြက်ပြီး တီထွင်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း ကပြောသည်။
ဇီဝမျိုးစုံဆုံးရှုံးမှုလျော့ကျစေရန်၊ သစ်တောပြုန်းတီးခြင်း၊ စိုက်ပျိုးရေးနည်းစနစ် လွဲမှားမှုများနှင့် လေထုညစ်ညမ်းခြင်းများကို လျော့ချရန်၊ မြေဆီလွှာ ထိန်းသိမ်းသည့် နည်းလမ်းများအားသိရှိ၍ လိုက်နာဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်၍ နှစ်စဉ် ဒီဇင်ဘာ (၅) ရက်နေ့ ကို ကမ္ဘာ့မြေဆီလွှာနေ့ အဖြစ် FAO က ဦးဆောင်သတ်မှတ်ပေးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများတွင် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပဆောင်ရွက်ခြင်းဖြစ်သည်။
ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်း က “မြန်မာနိုင်ငံတွင်မြေဆီတိုက်စား ပျက်သုန်းရခြင်းအကြောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြေဆီလွှာသုတေသနဌာနစု တာဝန်ခံ
ဒေါက်တာနီနီတင့် က “စိုက်ပျိုးသီးနှံများထုတ်လုပ်ရန်အတွက် မြေဆီလွှာ၏အရေးပါမှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရေအသုံးချရေးသုတေသနဌာနစုတာဝန်ခံ ဒေါက်တာအောင်ကျော်သူ က “သဘာဝအရင်းအမြစ်များ၏ အရေးပါမှုများအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး အင်ဂျင်နီယာဌာနစု တာဝန်ခံ ဦးကျော်မြင့်သိန်း က “စနစ်တကျ ထွန်ယက်ခြင်း၊စနစ်တကျ ထွန်မွှေခြင်းနှင့် စနစ်တကျ စိုက်ပျိုးခြင်းအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ကမ္ဘာ့မြေဆီလွှာနေ့ဂုဏ်ပြု စာတမ်းများဖတ်ကြားတင်ပြခဲ့ကြသည်။