သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

“Workshop on Draft National Biosafety Policy, Framework and Guideline” အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဝါဒ , မူဘောင်များ နှင့် လမ်းညွှန်ချက် မူကြမ်းများ  အလုပ်ရုံ ဆွေးနွေးပွဲ စတုတ္ထအကြိမ် ကျင်းပ

စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ခေတ်မီနည်းပညာရပ်များအသုံးပြုပြီး ကမ္ဘာ့နိုင်ငံများ နည်းတူ ဇီဝနည်းပညာရပ်များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် လိုအပ်သော ဇီဝလုံခြုံမှုဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းပြီး ထိန်းကျောင်းပေးနိုင်ရေး အတွက် ယခင်ကျင်းပပြီးခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများ၌ အခြေခံရေးဆွဲ ပြုစုခဲ့ သည့် ဇီဝလုံခြုံမှုမူဘောင် Biosafety Framework အချောသတ်နိုင်ရေး အတွက် အမျိုးသား ဇီဝလုံခြုံမှုဆိုင်ရာ မူဝါဒ,မူဘောင်များနှင့်လမ်းညွှန်ချက် စတုတ္ထမူကြမ်းအလုပ်ရုံ ဆွေးနွေးပွဲ ကို ဇွန်လ ၂၇ ရက် နံနက် ၉ နာရီအချိန်က နေပြည်တော် ရှိ Grand Amara Hotel ၌ ကျင်းပ ပြုလုပ်ရာ စိုက်ပျိုး‌ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ၊ ဆက်စပ်ဌာနများ မှ တာဝန်ရှိသူများ၊ USDA နှင့် ISAAA တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဗီဇပြုပြင်ဇီဝရုပ်(GMO)များနှင့် စပ်လျဉ်းသော သုတေသန နှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ စိုက်ပျိုးရေးထွက်ကုန်၊ တိရစ္ဆာန် နှင့် မွေးမြူရေးထွက်ကုန်များ ပြည်ပ တင်ပို့ခြင်း၊ တင်သွင်းခြင်း ဆောင်ရွက်ခြင်း နည်းလမ်း များ အတွက် အဓိက လုပ်ဆောင်ရမည့်ဌာန၊ တာဝန်နှင့် ဝတ္တရားများ၊ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြန်မာနိုင်ငံ၏ Biotechnology ဆိုင်ရာ သုတေသန ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်ချက်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

        အလားတူ ဇီဝလုံခြုံမှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍  နိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်စပါး သီးနှံအတွက် ဗီဇပြုပြင် ဇီဝရုပ် အသုံးပြုခြင်းကို သုတေသန ရည်ရွယ်ချက်မှ အပ ခွင့်ပြုမည်မဟုတ်သော်လည်း ၊ တိရစ္ဆာန် မွေးမြူရေး တိုးတက်ဖြစ်ထွန်းလာရေး တွင် အဓိကကျသည့် တိရစ္ဆာန်အစာအတွက် အစေ့ထုတ်ပြောင်းနှင့် ပဲပုပ်လိုအပ်မှုများ ရှိလာနိုင်ခြင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေး ဆောင်ရွက်ရန် လိုအပ်မှုများရှိလာနိုင်ခြင်း တို့အတွက် အဆိုပါသီးနှံများ၌ ဗီဇပြုပြင်သီးနှံ စိုက်ပျိုးခြင်းအပေါ် ပညာရပ်ဆိုင်ရာ သဘောထားအမြင်များကိုလည်းကောင်း ၊ GM Product တွေကို စီးပွားရေးကိစ္စအတွက် မြန်မာ့ရေမြေ သဘာဝရေမြေ ပတ်ဝန်းကျင်တွင် စိုက်ပျိုး/ မွေးမြူရန်အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်း လုပ်ငန်းစဉ်နဲ့ ဗီဇပြုပြင် စားသောက်ကုန်၊ တိရစ္ဆာန်အစာ ကုန်ကြမ်းနှင့် တိရစ္ဆာန်အစာ ပြုလုပ်ခြင်းများအတွက် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ် (Decision Tree) များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

ဇီဝလုံခြုံမှုမူဘောင် Biosafety Framework ရေးဆွဲရေး ပထမအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေး ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ နှင့် တတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ တို့တွင် ကျင်းပခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲများ တွင် ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော် တို့မှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာကော်မတီများ၊  တောင်သူလယ်သမားရေးရာ ကော်မတီများ၊ ကျန်းမာရေး နှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးညှိနှိုင်းမှုရလဒ်များကို မူဘောင် မူကြမ်းတွင် ဖြည့်စွက်ပြင်ဆင်ပြီး သက်ဆိုင်ရာ ဌာန အသီးသီးထံ ပေးပို့သဘောထား တောင်းခံခဲ့ပြီး ယနေ့ကျင်းပသည့် စတုတ္ထအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ၌ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီး တို့၏ သဘောထား ပေးပို့ချက်များနှင့်အညီ ပြန်လည်ပြုစုထားသည့် မူဘောင်အား အပြီးသတ် ဆွေးနွေး ညှိနှိုင်း ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။