ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများဆွေးနွေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Ellen Goldstein ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများဆွေးနွေးကြသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု စီမံကိန်း(ADSP) ၊ လူထုဗဟိုပြုစီမံကိန်း (CDD) ၊ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း (NEP) စီမံကိန်းဆိုင်ရာများကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာဝပြောသော ကျေးလက် လူ့ဘောင် ထူထောင်ရေးစီမံကိန်း (Peaceful and Prosperous Communities Project- PPCP) ၊ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Rakhine Recovery and Development Project- RRDP) နှင့် အမျိုးသားအဆင့် အစားအစာနှင့် စိုက်ပျိုးရေး စနစ်များဆိုင်ရာစီမံကိန်း(NFASP) စီမံကိန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ကိစ္စရပ်များကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ နှင့် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ လယ်ယာမြေနှင့် အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးမှု ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။