ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိဆည်ရေသောက်စနစ်များဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အောင်မြင်ပြီးမြောက်၊စုစုပေါင်းစိုက်ပျိုးမြေဧရိယာ၂၁၆၂၈၅ဧကကိုအကျိုးပြုနိုင်မည်

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ မြောက်နဝင်းတောင်နဝင်းဝဲကြီးတောင်ညိုရေလှောင်တမံများ၏ဆည်ရေသောက်စနစ်များအဆင့်မြှင့်တင်ခြင်းစီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကိုဇွန်လ၂၄ရက်နံနက်၁ဝနာရီအချိန်က ပေါင်းတည်မြို့နယ်ဝဲကြီးဆည်ရေသောက်စီမံကိန်းရှင်းလင်းဆောင်၌ကျင်းပပြုလုပ်ရာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ၊ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီးH.E Mr. Ichiro MARUYAMA ၊JICA , Chief Representative Mr. Masayuki KARASAWA ၊လွှတ်တော်ကိုယ်စားလှယ်များ၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့်ဌာနဆိုင်ရာများ၊ဒေသနေတောင်သူလယ်သမားများ၊ ရေအသုံးပြုသူများအသင်း(Water User Association – WUA) နှင့်ရေအသုံးပြုသူများအဖွဲ့(Water User Group – WUG) များတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတော်၏ဘဏ္ဍာငွေကြေးအမြောက်အများရင်းနှီးမြုပ်နှံဆောင်ရွက်ခဲ့သောဆည်တမံများရေသောက်စနစ်များမှရရှိလာမည့်အကျိုးရလဒ်များကိုထိရောက်အကျိုးရှိစွာအသုံးချပြီးဒေသနေပြည်သူများ၏လက်ရှိလူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်စနစ်တကျသုံးစွဲကြရန်လိုအပ်သကဲ့သို့သားစဉ်မြေးဆက်ရေရှည်အကျိုးပြုနိုင်သည့်အမွေကောင်းအဖြစ်လက်ဆင့်ကမ်းအသုံးပြုနိုင်ရေးအတွက်လည်းအားလုံးပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းပါကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းကအမှာစကားပြောကြားရာတွင်စိုက်ပျိုးရေသေချာသည့်ဆည်ရေသောက်များ၌စျေးကွက်ဝင်စျေးကောင်းရသီးနှံများရွေးချယ်စိုက်ပျိုးခြင်း၊ဂျီအေပီနှင့်အော်ဂဲနစ်စနစ်များလိုက်နာကျင့်သုံးပြီးတန်ဘိုးမြင့်ထုတ်ကုန်များဖြစ်စေရေးကြိုးပမ်းခြင်းဖြင့်ဆည်ရေလည်းအကျိုးရှိတောင်သူလည်းဝင်ငွေတိုးမည့်နည်းလမ်းကိုဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီးH.E Mr. Ichiro MARUYAMA နှင့်JICA , Chief Representative Mr. Masayuki KARASAWA တို့ကဂုဏ်ပြုဝမ်းမြောက်စကားများပြောကြားကြသည်။
ဆက်လက်၍ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတည်ဆောက်ရေး၂ ညွှန်ကြားရေးမှူးကစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကိုရှင်းလင်းတင်ပြပြီးဒေသနေတောင်သူလယ်သမားကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကားပြောကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် JICA တာဝန်ရှိသူတို့ကစီမံကိန်းအထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအားစက်ခလုပ်နှိပ်၍ဖွင့်လှစ်ပေးကြသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိဆည်ရေသောက်စနစ်များဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်ခြင်းဖြင့်အဆိုပါဒေသရှိစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရန်၊တောင်သူလယ်သမားများ၏လူနေမှုဘဝမြှင့်တင်ရန်နှင့်နိုင်ငံ၏စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေရန်တို့ကိုရည်ရွယ်၍ဆည်ရေသောက်စနစ်များဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Irrigation Development Project in Western Bago Region) အတွက်စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအခြေအနေ(Feasibility Study) ကို(၂၀၁၂) ခုနှစ်၊ဩဂုတ်လနောက်ဆုံးပတ်မှစတင်၍(၂၀၁၃) ခုနှစ်၊အောက်တိုဘာလအထိစူးစမ်းလေ့လာမှုများဆောင်ရွက်ခဲ့ကာJICA ODA LOAN ဖြင့်ဆောင်ရွက်ရန်မြန်မာ- ဂျပန်နှစ်နိုင်ငံချေးငွေသဘောတူစာချုပ်ကို၂၀၁၄စက်တက်တင်ဘာ၅ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီးမြန်မာနိုင်ငံဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှအင်ဂျင်နီယာများနှင့်ဂျပန်ပညာရှင်အတိုင်ပင်ခံအဖွဲ့တို့ပူးပေါင်း၍စီမံကိန်းကာလ၅နှစ်အတွင်းအပြီးသပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်း၏ထူးခြားချက်မှာရေသောက်စနစ်ဖွံ့ဖြိုးရေးသာမကရေသုံးစွဲသူတောင်သူများနှင့်ဌာနတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်၊တောင်သူအချင်းချင်းညီညွတ်မျှတစွာရေခွဲဝေသုံးစွဲလာတတ်စေရန်JICA ပညာရှင်များ၏အကြံဉာဏ်နှင့်ပံ့ပိုးကူညီမှုများဖြင့်ရေသောက်တောင်သူများပါဝင်သောရေအသုံးပြုသူများအသင်း(Water User Association – WUA) (၅)သင်းနှင့်ရေအသုံးပြုသူများအဖွဲ့(Water User Group – WUG) ၁၂ရဖွဲ့တို့ကိုနည်းဥပဒေလုပ်ထုံးလုပ်နည်းများပြဌာန်းပြီးရှေ့ပြေးစီမံကိန်းအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

စီမံကိန်းလုပ်ငန်းဆောင်ရွက်သည့်ဒေသများဖြစ်သည့်ပဲခူးတိုင်းဒေသကြီးပေါက်ခေါင်း၊ပြည်၊သဲကုန်း၊ပေါင်းတည်၊နတ္တလင်းနှင့်ဇီးကုန်းမြို့နယ်များအတွင်းရှိ မြောက်နဝင်း၊တောင်နဝင်း၊ဝဲကြီး၊တောင်ညိုဆည်ရေသောက်စနစ်များတွင်မြောင်းများပုံစံကျဖြစ်အောင်ဆောင်ရွက်ခြင်း၊တူးမြောင်းများအားကွန်ကရစ်လိုင်နင်၊အုတ်လိုင်နင်စီခြင်း၊မြောင်းစစ်လမ်း၊ဆည်ချဉ်းကပ်လမ်း၊တူးမြောင်းအဆောက်အဦများ၊တံတားငယ်များနှင့်ဆိုင်ဖွန်များအားပြုပြင်တည်ဆောက်ခြင်းနှင့်စက်ယန္တရားများဝယ်ယူပံ့ပိုးခြင်းတို့ဖြင့်ဂျပန်ယန်းသန်း(၁၄၈၇၀) အကုန်အကျခံဆောင်ရွက်ခဲ့သည့်အဆိုပါစီမံကိန်းကြောင့်မြောက်နဝင်းဆည်ရေသောက်စနစ် တွင်၅၃၁၆၈ဧက၊တောင်နဝင်းဆည်ရေသောက်စနစ်တွင်ရ၂၇၀၈ဧက၊ဝဲကြီးဆည်ရေသောက်စနစ် တွင်၄၀၄၂၈ဧက၊တောင်ညိုဆည်ရေသောက်စနစ်တွင်၄၉၉၈၁ဧကတို့ဖြင့်စုစုပေါင်းစိုက်ပျိုးမြေဧရိယာ၂၁၆၂၈၅ဧကကိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။