စပါးဈေးနှုန်းကျဆင်းနေခြင်း နှင့် တောင်သူလယ်သမားများအခက်အခဲ ဖြစ်ပေါ် နေမှုအပေါ် အစိုးရ နှင့် ပုဂ္ဂလိက တို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အများပိုင်ကုမ္ပဏီများ မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ လက်ရှိဖြစ်ပေါ်နေ သော စပါးဈေးနှုန်းကျဆင်းနေခြင်း နှင့် တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု ကြုံတွေ့ နေကြရမှုအပေါ် အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်ရေး နှင့် ရေရှည် တွင်လည်း စျေးနှုန်း တည်ငြိမ်မှုရှိစေမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည့် အကြံဉာဏ်များအမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရေး၊ အစိုးရ နှင့် ပုဂ္ဂလိက တို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး အတွက် မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပါရန် ပြောကြားသည်။
ယနေ့ဆွေးနွေးပွဲတွင် ရင်းနှီးမြုပ်နှံမှု နှင့် ထုတ်လုပ်မှုတန်ဘိုး ချိန်ညှိဆောင်ရွက်နိုင်ရေး၊ အခြေခံစျေးနှုန်း သတ်မှတ် ချက်အရ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကွင်းဆင်း ဝယ်ယူ နေမှုများနှင့် သိုလှောင်ရုံ အခြောက်ခံစက် အခက်အခဲ ဖြစ်ပေါ် နေမှု၊ ရက်တို ချေးငွေ ရရှိရေး ၊ ဝယ်နိုင်စွမ်းအားတိုးမြှင့်ပေးနိုင်ရေး ၊ လာမည့်မိုးစပါးရာသီအတွက် ကြိုတင် ပြင်ဆင်ရေး ၊ စျေးကွက် လမ်းကြောင်း တိုးမြှင့်ရှာဖွေရေး ၊ ပြည်ပတင်ပို့ ရောင်းချမှုအတွက် စံချိန်စံညွှန်းဆိုင်ရာ လိုအပ်သော စစ်ဆေး အတည်ပြုချက်များ လျင်မြန်သွက်လက်မှု ရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နေမှု အပေါ် လိုအပ်သော အမိန့်ကြော်ငြာစာထုတ်ပြန်ပေးရေး နှင့် စက်ပိုင်များ၏ စပါးဝယ်ယူမှု တိုးတက် စေရေးအတွက် စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို ဆွေးနွေး ကြ ကြောင်း သိရှိရသည်။