သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဘေးကင်းလုံခြုံသော အစားအစာ ထုတ်လုပ်နိုင်စေရန် နှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းဆောင်ရွက်နိုင်စေရန် နှမ်းတန်ဖိုးမြှင့်ထုတ်လုပ်မှု သင်တန်းပို့ချ

Asian Food and Agriculture Cooperation Initiative (AFACI) Postharvest Project အစီအစဉ်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်း၍ နှမ်းတန်ဖိုးမြှင့် ထုတ်လုပ်မှု၊ ကျေးရွာအမျိုးသမီး အစုအဖွဲ့ ထူထောင်ခြင်းနှင့် စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေး ပညာပေးသင်တန်းကို ဇွန်လ ၂၁ ရက်နေ့၊ နံနက် ၈ နာရီက ကျောက်ဆည်မြို့နယ်၊ ကုလကျေးရွာ၌ ကျင်းပပြုလုပ်ရာ ပညာပေးသင်တန်းသို့ မန္တလေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ကျောက်ဆည်ခရိုင်နှင့် ကျောက်ဆည်မြို့နယ်မှ စိုက်ပျိုးပညာပေးဝန်ထမ်းများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စီမံကိန်း တာဝန်ခံ ဒေါက်တာတင်ဥမ္မာဝင်းနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်မြို့နယ်တွင် လုပ်ငန်းခွင် အကြိုသင်တန်းတက်ရောက်နေသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား/သူများ၊ ကုလကျေးရွာမှ နှမ်းမျိုးစေ့ထုတ် တောင်သူအဖွဲ့များနှင့် အမျိုးသမီးတောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို နှမ်းဖြူ၊ နှမ်းနက်သီးနှံများမှ
နှမ်းတန်ဖိုးမြှင့်ထုတ်ကုန်များကို ကျေးရွာမှ အမျိုးသမီးများကိုယ်တိုင် ထုတ်လုပ်ရန်၊ မိသားစုတပိုင်တနိုင်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူနေမှုဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် နည်းပညာများဖွံ့ဖြိုး တိုးတက်လာစေရန် တို့ကိုရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

သင်တန်းတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒေါက်တာတင်ဥမ္မာဝင်း က နှမ်းကုန်ချော ထုတ်လုပ်ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိထွေး က နှမ်းသီးနှံကို စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ (GAP) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးအကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်မေဇာမြင့် က အစားအစာများ ကိုင်တွယ်အသုံးပြုရာတွင် သန့်ရှင်းရေးနှင့် စားသောက်ကုန်များ စနစ်တကျ ထုတ်လုပ်နိုင်ရေးကိုလည်းကောင်း စာတွေ့နှင့် လက်တွေ့ ပို့ချဆွေးနွေးကြသည်။


နေ့လည်ပိုင်းတွင် နှမ်းသီးနှံကို နှမ်းယို၊ နှမ်းပြစ်၊ နှမ်းလှော်အဖြစ် ကုန်ချောထုတ်လုပ်နည်း အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသ၍ သင်ကြားပို့ချခဲ့ပြီး၊ ကျေးရွာတွင် နှမ်းကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။