နယ်သတင်းများ သတင်းကဏ္ဍ

သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးအတွက် သီးနှံအောင်ရေ လုံလောက်စွာ ပေးဝေနိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေကို အဓိကအားထားရသည့် သဖန်းဆိပ်ရေလှောင်တမံ တွင် ယခုနှစ် ရာသီဥတုဖောက်ပြန်မှုကြောင့် ရေဆင်းဧရိယာနှင့် ဆည်ရေသောက်ဧရိယာများတွင် မိုးရွာသွန်း မှုနည်းပါးခဲ့ခြင်းကြောင့် မိုးစပါးစိုက်ပျိုးရေစတင်ပေးဝေချိန်မှ စ၍ ဆည်ရေကို အနည်းဆုံးနှင့် အထိရောက် ဆုံး ပေးဝေနိုင်စေရန် အထူးခြိုးခြံချွေတာ၍ ဆည်ရေသောက် ဧရိယာတစ်ခုလုံး ရေလှည့်စနစ်ကျင့်သုံး၍ စနစ်တကျရေစီမံခန့်ခွဲမှုကြောင့် ဆည်ရေသောက်ဧရိယာအားလုံး မိုးစပါး အောင်ရေပြည့်စုံစွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှု နည်း၍ ရေဝင်နည်းသော်လည်း သဖန်းဆိပ်ရေလှောင် တမံ ရေပေးမြောင်းမကြီး (၄)မြောင်းမှ ဆည်ရေသောက်မြို့နယ်များဖြစ်သည့် ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင် မြို့နယ်များမှ ယခုနှစ်မိုးစပါး (၄၈၁၅၉၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးခင်းများမှာ စိမ်းစို အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခု အချိန်တွင် စပါးပင်များ အောင်ရေလိုအပ်ချိန်ဖြစ်၍ သဖန်းဆိပ်ရေလှောင်တမံမှ ရေကိုလိုအပ်သလို ထိန်းညှိ ထုတ်လွှတ် ပေးလျက်ရှိပြီး သဖန်းဆိပ်ရေလှောင်တမံ၏ (၂၅.၁၀.၂၀၁၉)နေ့ သိုလှောင်ထားသော ဆည်ရေသိုလှောင်ပမာဏ (၆၃၇၁၂၅)ဧကပေဖြင့် မိုးစပါးစိုက်ပျိုးထားသည့် ဧရိယာအားလုံး အောင်ရေပြည့်စုံစွာပေးဝေနိုင် သည့်အပြင် ဒေသတွင်းသောက်သုံးရေကန်များ ရေဖြည့်သွင်းပေးနိုင်ခြင်းနှင့် ရွှေဘိုမြို့လူထုသုံးရေအတွက် မဟာနန္ဒာကန်ရေဖြည့်သွင်းခြင်းအား ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ ရေလုံလောက်အောင် ပေးဝေသွားနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

D/TPZ /Page1