နယ်သတင်းများ သတင်းကဏ္ဍ

ရွှေဘိုမြို့တွင် မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့တွင် မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်းနှင့် တောင်သူ နည်းပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)ရီက တောင်သူ ဦးချစ်သိန်း၏ အဆင့်မြင့် လယ်ယာ ရှင်းလင်းဆောင်တွင် ကျင်းပသည်။

ရှေးဦးစွာ ရွှေဘိုမြို့နယ် တောင်သူလယ်သမားကိုယ်စားလှယ် ဦးရွှေမှ တောင်သူများ၏ အလုပ် စွမ်းအားများထဲကို ယခုလို အသိပညာစွမ်းအားများ ပေးပို့ခြင်းသည် တောင်သူများ အတွက် များစွာအကျိုးရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေး တာဝန်ခံ ဒေါ်ချိုချိုမာ က မြေဆီလွှာသည် တောင်သူ များ၏ လုပ်ငန်းတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နေကြောင်းနှင့် မြေဆီလွှာကို သေချာစွာ စောင့်ရှောက်ပြုပြင်ပေး နိုင်မှသာလျှင် သီးနှံအထွက် တိုးနိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် မြေဆီလွှာမှ အပင် အာဟာရဓာတ်များသည် ရေ၊ လေ တိုက်စား ခြင်းတို့ ကြောင့် လည်းကောင်း၊ သီးနှံပင်များက နှုတ်သိမ်းသွားခြင်းကြောင့် လည်ကောင်း မြေဆီလွှာများ နှစ်စဉ် ယုတ်လျော့ သွားတတ်သဖြင့် မြေဆီလွှာကို သေချာ စောင့်ရှောက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံမှ မြေနမှုနာယူနည်း၊ ဓာတ်ခွဲရန် မြေဆီထုတ်နည်း နှင့် မြေ အချဉ်/ အငန် တိုင်းခြင်း တို့ကို တောင်သူများအား လက်တွေ့ ဓာတ်ခွဲစစ်ဆေးသရုပ်ပြခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တောင်သူဦးရေ (၁၀၅)ဦး တက်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်း ထံမှသိရသည်။