သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တစ်သျှူးငှက်ပျော  စိုက်ပျိုးသူများ  ပိုးမွှားရောဂါ နှင့် မြေဆီလွှာထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်

ကချင်ပြည်နယ်အတွင်း တစ်သျှူး ငှက်ပျောစိုက်ပျိုးရာတွင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှု ၊ ရေအရင်းအမြစ်ဆုံးရှုံးနိုင်မှု အခြေအနေများအပါအဝင်  ဒေသခံ ပြည်သူများ၏ လူမှုစီးပွား ဘ၀ထိခိုက်နိုင်မှုတို့အပေါ် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများ ပညာရှင်များက လေ့လာစိစစ်လျက်ရှိသကဲ့သို့  တစ်သျှူးငှက်ပျော စိုက်ပျိုး ထုတ်လုပ်ရာတွင် မြေဆီလွှာဖွံ့ဖြိုးရေး ၊ ပိုးမွှားရောဂါ ရှိ/မရှိ စစ်ဆေး၍ အပင်ပိုးမွှား ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးရေး လုပ်ငန်းများကို စိုက်ပျိုးရေးဉီးစီးဌာန က ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးအရ တွက်ခြေကိုက်မှုရှိနေသော တစ်သျှူး ငှက်ပျောစိုက်ပျိုးခြင်းကို စိုက်ပျိုးသူများ စိတ်ဝင်စားမှုများရှိနေသကဲ့သို့ ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှု အမျိုးမျိုးရှိနေကြ ကြောင်း၊ တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ်  ပိုးမွှား ရောဂါ ကင်းစင်ရေး လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန က ပုဂ္ဂလိကစိုက်ပျိုးသူများ၊ တောင်သူများ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အောက်တိုဘာလ ၂၂ ရက်နေ့ က ဝိုင်းမော် မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စု၊ ချန်းရင်ခူး တစ်သျှူးငှက်ပျော စိုက်ခင်း သို့ ရောက်ရှိစဉ် စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြးရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးမြေရယူသုံးစွဲခြင်းအပါအဝင် လုပ်ကိုင်ခွင့်အရပ်ရပ်ကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက် ရယူလုပ်ကိုင်ရန်လိုအပ်ကြောင်း၊  တရားဝင် မှတ်ပုံတင်ထားသည့် ဓါတ်မြေသြဇာ ပိုးသတ်ဆေး ၊ မှိုသတ်ဆေးများကိုသာ သုံးစွဲရန် နှင့် လုပ်သားများ လုပ်ငန်းခွင်ဘေးန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျအလေး ထားဆောင်ရွက်ရန် လိုအပ်သည့်အပြင် ရုတ်တရက်ထိခိုက်အန္တရာယ် ဖြစ်ပေါ်လာပါကလည်း စောလျှင်စွာ ဖြေရှင်းနိုင်ရေးအတွက် ‌ရှေးဉီးသူနာပြုစုရေး(First aid)အစီအမံများဆောင်ရွက်ပေးထားရန် လိုအပ်မှာဖြစ်ကြောင်း၊ တစ်သျှူးငှက်ပျောစိုက်ခင်းတွင် ပဲဖတ်၊ နှမ်းဖတ် စသည့် သဘာဝ မြေသြဇာများကို  ပြုလုပ်သုံးစွဲခြင်းဖြင့် အပင်အတွက် လိုအပ်သောအာဟာရသာမက မြေဆီလွှာကိုပါ ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း၊ တစ်သျှူးငှက်ပျော စိုက်ပျိုးသူများအနေဖြင့် ဓါတုဓါတ်ကြွင်း ကင်းရှင်းရေးအတွက် GAP လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ကြမှသာ စျေးကွက် နှင့် စျေးနှုန်း ခိုင်မာစေမည်ဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများ နှင့် ဌာနဆိုင်ရာကျွမ်းကျင်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း တစ်သျှူးငှက်ပျောစိုက် တောင်သူများနှင့်တွေ့ဆုံစဉ် ညွှန်ကြးရေးမှူးချုပ် က ဆွေးနွေး ပြောကြားသည်။

မြန်မာနိုင်ငံ နှင့် တစ်သျှူးငှက်ပျော ဝယ်ယူသည့် တရုတ်နိုင်ငံအကြား အပင်နှင့်အပင်ထွက်ထိန်းချုပ်ရေး စံသတ်မှတ်ချက် သဘောတူညီမှုရရှိရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ GACC မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ ကွင်းဆင်း စစ်ဆေးကာ  ပိုးမွှား ရောဂါ ကင်းစင်ကြောင်း ထောက်ခံချက် စိစစ်ထုတ်ပေးနိုင်ရေးနှင့်  တရားဝင်ကုန်သွယ်မှုရရှိရေး တို့ကို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဉီးစီးဌာနက သတင်းရရှိသည်။