သတင်းကဏ္ဍ

 “မြန်မာနိုင်ငံ၏ တီလားပီးယား သားပေါက် ထုတ်လုပ်မှုနှင့် အသားတိုး မွေးမြူခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်ရေး စီမံကိန်း”၏ စီမံကိန်း အကောင် အထည် ဖော်ဆောင်မှု အကဲဖြတ်ခြင်း နှင့် နည်းပညာ ဖြန့်ဖြူးခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

“မြန်မာနိုင်ငံ၏ တီလားပီးယား သားပေါက် ထုတ်လုပ်မှု နှင့် အသားတိုး မွေးမြူခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း၏ အကောင်အထည် ဖော်ဆောင်မှု အကဲဖြတ်ခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်၊ M-Gallery Nay Pyi Taw By Sofitel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ FAO ဒေသဆိုင်ရာရုံးမှ နည်းပညာ အရာရှိ မစ္စတာမြောင်ဝေမင်၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး ဦးဆောင်သောဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တက္ကသိုလ် နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်းများမှ တာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မိမိတို့နိုင်ငံ၌ တီလားပီးယား မွေးမြူရေးနှင့်ပတ်သက်၍ သားပေါက်ထုတ်လုပ်ခြင်း၊ သားပေါက် အရည်အသွေး၊ မျိုးဗီဇပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများဆိုင်ရာ နည်းပညာ အခက်အခဲ ကြုံတွေ့နေရကြောင်း၊ တီလားပီးယား သားဖောက်ထုတ်လုပ်မှု အစီအစဉ်များ သေချာစေခြင်း ဖြင့် နည်းပညာများ တိုးတက် ကောင်းမွန်စေရန် ၊ တီလားပီးယား သားပေါက် အရည်အသွေးများ ကောင်းမွန်စေခြင်း နှင့် အရည် အသွေးမြှင့် သားပေါက်များ ရရှိမွေးမြူ နိုင်ခြင်းဖြင့် ငါးမွေး တောင်သူများ အကျိုးအမြတ် ပိုမိုရရှိစေရန်  ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က ပြောသည်။

မြန်မာနိုင်ငံတွင် တီလားပီးယား မွေးမြူမှု ရေရှည်ဖွံ့ဖြိုးစေရန် ငါးလုပ်ငန်းဦးစီးဌာန နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံ၏ တီလား ပီးယား သားပေါက် ထုတ်လုပ်မှု နှင့် အသားတိုး မွေးမြူခြင်းဆိုင်ရာ စီမံခန့်ခွဲမှု တိုးတက် ကောင်းမွန်ရေး စီမံကိန်း” ကို ၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ အကောင်အထည်ဖော် ဆောင်လျက်ရှိရာ အဆိုပါစီမံကိန်း၏ အကောင်အထည် ဖော်ဆောင်မှု အကဲဖြတ်ခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်း တို့ဆောင်ရွက်နိုင်ရန် ယခု အလုပ်ရုံ ဆွေးနွေးပွဲ ကို ကျင်းပရခြင်းဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် က ဆက်လက်ပြောကြား သည်။

အဆိုပါစီမံကိန်းမှ ကျေးလက်ဒေသရှိ အသေးစားငါးမွေးတောင်သူများ အတွက်သာမက စီးပွားဖြစ် ငါးမွေးမြူသူများ၏ တီလားပီးယားမွေးမြူထုတ်လုပ်မှုများလုပ်ငန်းကို အကျိုး ရှိစေရန် မြန်မာနိုင်ငံ၌ လက်ရှိမွေးမြူထုတ်လုပ်လျက်ရှိသည့် တီလားပီးယားမျိုးငါးများ၏ အခြေအနေနှင့် မွေးမြူနည်းစနစ်များအား ကွင်းဆင်းလေ့လာခြင်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးလုပ်ငန်းစခန်းများ၊ ပုဂ္ဂလိကငါးမွေးမြူသူများ နှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာမများ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၄၂)ဦးတို့ကို တီလားပီးယား မျိုးငါး ပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်း၊ သားဖောက် ထုတ်လုပ်ခြင်း နှင့် အသားတိုး မွေးမြူခြင်းဆိုင်ရာ သင်တန်း ပို့ချပေးခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးကို တရုတ်နိုင်ငံ၊ ရေချိုငါးလုပ်ငန်းသုတေသနဗဟိုဌာန သို့ စေလွှတ်ပြီး တီလားပီးယား သားဖောက်ထုတ်လုပ်ခြင်းနှင့် မွေးမြူနည်းပညာများ လေ့လာစေခြင်း၊ ကောင်းမွန်သော မျိုးငါးများ ပြုစုစီမံခန့်ခွဲခြင်းကျင့်ရပ်များနှင့်အတူ ထောက်ပံ့ ပေးသော တီလားပီးယား မျိုးငါးကောင်းများ အောင်မြင်စွာ တင်သွင်းခြင်းဖြင့် တီလားပီးယား မျိုးငါးကောင်းများ တိုးတက်ကောင်းမွန်စွာ ရရှိစေခြင်း၊ တီလားပီးယား သားဖောက်ထုတ် လုပ်ခြင်း နှင့် အသားတိုးမွေးမြူခြင်းဆိုင်ရာ နည်းပညာပေး လက်စွဲပုံနှိပ်ဖြန့်ဝေခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာန၊ လေးထောင့်ကန် ငါးလုပ်ငန်းစခန်း နှင့် ကူမဲငါးလုပ်ငန်းစခန်း တို့တွင် တီလားပီးယား သားဖောက်ရုံများ အဆင့်မြင့်တင်ထူထောင်ပေးခြင်း၊ ပုဂ္ဂလိကငါးမွေးတောင်သူ(၂၀)ဦးကို တီလားပီးယား အသားတိုးမွေးမြူခြင်းဆိုင်ရာ နည်းပညာများနှင့်စီမံခန့်ခွဲမှုများကို သရုပ်ပြခြင်း နှင့် ကွင်းဆင်း သင်တန်းပို့ချပေးခြင်း၊ အဆိုပါငါးမွေးတောင်သူ (၂၀) ဦးကို တီလားပီးယား ငါးသားပေါက်နှင့် ငါးစာများထောက်ပံ့ပေးခြင်း တို့ဆောင်ရွက်ပေးခဲ့ပြီး ယခုကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ ၌ စီမံကိန်း၏ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့မှုများအား အကဲဖြတ် ကြပြီး စီမံကိန်းရလဒ်များ ကို အသုံးပြု၍ ရှေ့ဆက်ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းများကို နည်းပညာဆိုင်ရာ အကြံပြုသုံးသပ် ချက်များ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။