ပြည်ထောင်စုအဆင့်သတင်း

ညောင်ရွာကျေးရွာ သဲဆည်သောက်သုံးရေကန် အား မျှဝေခြင်းအစီအစဉ်ဖြင့် တူးဖော်ပေး။(အိမ်ထောင်စု ၅၅၇ စုမှ လူဦးရေ ၂၉၁၂ဦး ၊ သိုး/ဆိတ်/နွား/ဝက် ၈၅၀ ကောင်တို့အတွက် သောက်သုံးရေ ရရှိသုံးစွဲနိုင်မည်)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ ဇွန်လ ၂ ရက် နံနက် ၁၁ နာရီ အချိန်က မြိုင်မြို့နယ် ညောင်ရွာကျေးရွာ သဲဆည်သောက်သုံးရေကန် အား စိုက်/မွေး/ဆည်ဝန်ကြီးဌာန၏ စေတနာမျှဝေခြင်းအစီအစဉ်ဖြင့် တူးဖော်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးပြီး ၊ ကျေးရွာသို့လွှဲပြောင်းပေးအပ်ခဲ့သည်။
ကျေးရွာအကျိုးဆောင်များ ရပ်မိ ရပ်ဖများ၏ အကူအညီတောင်းခံမှုအရ ညောင်ရွာကျေးရွာ သဲဆည်သောက်သုံးရေကန် အား စိုက်/မွေး/ဆည်ဝန်ကြီးဌာန စေတနာမျှဝေခြင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် အရာထမ်း အမှုထမ်းများ၏ ထည့်ဝင်လှူဒါန်းသော အလှူငွေ ကျပ်သိန်း၁၂၀ ၊ ဆည်/ရေဦးစီးဌာန၏ လုပ်အားဒါနတို့ဖြင့် အလျား ၈၆ဝပေ အမြင့် ပေ ၂၀ ရှိ ကန်ပေါင်နှင့် အကျယ် ၂၅ ပေ ပါရှိသော ကျောက်စီကွန်ကရစ် ရေအဝင်လမ်း တို့ဖြင့် ရေဂါလံ ၉.၄၁သန်း မိုးရေခံသိုလှောင်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် အိမ်ထောင်စု ၅၅၇ စုမှ လူဦးရေ ၂၉၁၂ဦး ၊ သိုး/ဆိတ်/နွား/ဝက် ၈၅၀ ကောင်တို့အတွက် သောက်သုံးရေ ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။