နယ်သတင်းများ သတင်းကဏ္ဍ

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းအုပ်စု ၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး က ကြီးမှူး၍ တောင်သူများ ခေတ်နှင့်လျှော်ညီသော စိုက်ပျိုးရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ကျလာစေရန် ရည်ရွယ်ပြီး တောင်သူပညာပေးဟောပြောပွဲကို အောက်တိုဘာလ၂၇ရက်နေ့ နေ့လည် ၁ နာရီက တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းအုပ်စု ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင် က စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ-GAP အသိအမှတ်ပြုလက်မှတ်ရရှိရေးနှင့် စျေးကွက်ခိုင်မာသည့် သီးနှံများစိုက်ပျိုးစေရေးဆိုင်ရာများကိုလည်းကောင်း ၊ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးတင်ဦး က မျိုးကောင်းမျိုးသန့်သုံးစွဲရေး နှင့် ခရိုင်ဦးစီးမှူး ဦးလှ၀င်း က ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေးဆိုင်ရာများကိုလည်းကောင်း ၊ ခရိုင်မြေအသုံးချရေး ဌာနခွဲ ဒေါ်မြဥမ္မာ က မြေသြဇာ အကျိုးရှိစွာ သုံးစွဲရေးဆိုင်ရာများကိုလည်းကောင်း နည်းပညာပေး ဟောပြောဆွေးနွေးပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ် ပညာရှင်များ(Young Scienticts Initiative: YSI) အဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာ(Mobile Applications) အသုံးပြုပုံနည်းစနစ်များကို တောင်သူများအား လက်တွေ့ရှင်းလင်း ပြသသည်။

အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ တွင် တက်ရောက်လာသော တောင်သူ(၁၀၈)ဦး အား တောင်သူပညာပေး လက်ကမ်းစာစောင်များ၊ ရွက်ဖျန်းအား‌ဆေးများ၊ ပိုးသတ်ဆေး နှင့် ကြွက်သတ်ဆေးများကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရှိရသည်။