နိဒါန်း
ကမ္ဘာနှင့်အဝှမ်း ရာသီဥတုသည် ပြောင်းလဲလျက်ရှိသည်။ ယင်းပြောင်းလဲလျက်ရှိသော ရာသီဥတုနှင့်အညီ လူတို့၏ နေထိုင်ပြုမူမှုများသည်လည်း အတူလိုက်ပါပြောင်းလဲရန် လိုအပ် လျက်ရှိပါသည်။ ပြောင်းလဲစိုက်ပျိုးနိုင်သည့် စိုက်ပျိုးရေးနည်းများအနက် ရေသုံးစွဲမှုကို လျော့ချချွေတာနိုင်မည့် အောက်ပါစပါးစိုက်ပျိုးနည်းတစ်ခုကို အများပြည်သူသိရှိနိုင်ရန် တင်ပြအပ်ပါသည်။
System of Rice Intensification (SRI) နည်းဖြင့် စပါးစိုက်ပျိုးခြင်း
SRI စိုက်ပျိုးနည်းစနစ်သည် ၂၀၀၁ခုနှစ်နောက်ပိုင်း နိုင်ငံတကာတွင် အသုံးပြုမှု ပိုမိုများပြားလာသည်။ ယင်းစိုက်ပျိုးနည်းကို Fr. Henri de Laulanie ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ၁၉၈၃ခုနှစ် တွင် Madagascar ၌ စတင်ခဲ့သည်။ တောင်သူလယ်သမားများ၏ ဆင်းရဲမှုကို လျော့ကျနိုင်ရန်အတွက် သူ့ဘဝ၏ (၃၄)နှစ်တာ အချိန်ကာလကို ကုန်ဆုံးစေခဲ့သည့် လေးစားဖွယ် ပညာရှင်တစ်ဦး ဖြစ်ပါသည်။
SRI စိုက်ပျိုးနည်းဟူသည် စပါးစိုက်ပျိုးရာ တွင် အပင်၊ မြေဩဇာ၊ ရေနှင့် အာဟာရ ဆိုင်ရာ ကိစ္စရပ်များကို စီမံရန်အတွက် လိုအပ်သော အယူအဆများနှင့် လက်တွေ့ လုပ်ဆောင်မှုများ၏ အရည်အသွေးတို့ကို တိုးတက်စေရန် ဆောင်ရွက် ထားသည့် စိုက်ပျိုးနည်းတစ်ခု ဖြစ်သည်။
မည်သည့် စပါးမျိုးကိုမဆို SRI နည်းဖြင့် စိုက်ပျိုးနိုင်သည်။ သို့ဖြစ်၍ မိမိဒေသနှင့် ကိုက်ညီသော စပါးမျိုးကို SRI နည်းဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ဤနည်းသည် ကျန်းမာ သန်စွမ်းသော အပင်များ ဖြစ်ပေါ်စေသည့် အတွက် စပါး အထွက်နှုန်းကို ကောင်းမွန်စေသည်။ ဤနည်းသည် မြေ၊ အရင်းအနှီး၊ လုပ်အားနှင့် ရေတို့ အကန့်အသတ်ရှိသူများအတွက် အကျိုး အမြတ် အများဆုံး ရရှိစေနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
SRI စိုက်ပျိုးနည်း၏ အထွက်နှုန်းတိုးစေသည့်အကြောင်းများ
၁။ ကြဲကြဲစိုက်ခြင်း။
၂။ အပင်ငယ်စဉ်တွင် ရွှေ့ပြောင်းခြင်း။
၃။ ပေါင်းများကို မြေကြီးအတွင်းသို့ထည့်သွင်းခြင်း။
၄။ အစေ့နည်းနည်းသုံးခြင်း။
၅။ ရေကိုလိုအပ်သလောက်သာအသုံးပြုခြင်း။
၆။ အော်ဂဲနစ်မြေဆွေးများအသုံးပြုခြင်း။
စိုက်ပျိုးရန်သင့်တော်သောမြေ
ဆားမပေါက်သောမြေ၊ မြေမျက်နှာပြင် ညီညာပြီး ရေသွင်းရေထုတ်လွယ်ကူသော မြေနှင့် မြေဩဇာပြည့်ဝသော မြေတို့သည် စိုက်ပျိုးရန်သင့်လျော်သောမြေများ ဖြစ်သည်။
လယ်ယာမြေကို မြေဩဇာပြည့်ဝသောမြေဖြစ်ရန် ဆောင်ရွက်နိုင်သည့်နည်းများ
(က) နုံးမြေထည့်သွင်းခြင်း။
( ခ) မြေဆွေးထည့်သွင်းခြင်း။
( ဂ) သစ်စိမ်းမြေဆွေးပေးသောသီးနှံများစိုက်ပျိုးခြင်း။
ပဲမျိူးရင်းဝင်သီးနှံများ၊ ညံပင်၊ ပိုက်ဆံလျှော်၊ မဲဇလီ၊ ဘောစကိုင်း၊ ဒန့်ကျွဲ၊ ကုက္ကို သီးနှံမျိုးစေ့များကြဲပက်စိုက်ပျိုး၍ ၃၀ မှ ၄၅ ရက်သားအချိန်တွင် ထယ်ထိုး မြေမြှုပ်ပေးရန်ဖြစ်သည်။
(ဃ) အိမ်မွေးတိရစ္ဆာန်များလွှတ်ကျောင်းခြင်း။
အထက်ပါနည်း(၄)နည်းအနက် အနည်းဆုံး(၂)နည်းကိုနှစ်စဉ်ဆောင်ရွက်သင့်သည်။
ဖျာပုံသဏ္ဍာန်ပျိုးထောင်နည်း
ပျိုးခင်းမြေပြင်ခြင်း၊ ပျိုးနှုတ်ခြင်း စသည့်ကုန်ကျစရိတ်များကို လျော့ချနိုင်ရုံ သာမက မျိုးစေ့သုံးစွဲမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။
မျိုးညှောင့်ဖောက်ခြင်း
လယ်တစ်ဧကအတွက် ပျိုးထောင်ရန် စပါးနို့ဆီဗူး ၁၀-၁၂ လုံးခန့်သာ လိုပါမည်။
ပျိုးထောင်ရန်အတွက် စပါးစေ့များကို (၁၂)နာရီကြာရေစိမ်ပါ။
ရေပေါ်ပေါ်သောမျိုးစေ့များကို ဖယ်ရှားပါ။
ယင်းနောက် (၂၄)နာရီကြာဖုံးအုပ်ပါ။
(စပါးမျိုးအလိုက် အချိန်အပြောင်းအလဲရှိပါသည်။)
ပျိုးခင်းအတွက် ကြဲပက်ရန်အသင့်ဖြစ်နေသော မျိုးညှောင့်ဖောက်ပြီး စာပါးစပ်ပြူ မျိုးစေ့များကို ရရှိပြီဖြစ်ပါသည်။
ပျိုးခင်းမြေပြင်ရန်အတွက် လိုအပ်သောပစ္စည်းများ
(က)မြေ
နုံးမြေ(သို့)လယ်မြေနှင့် နွားချေး (သို့)မြေဆွေးတို့ကို(၇:၂)အတိုင်း ရောစပ် ပြီး သမအောင်နယ်ထားသောမြေ
( ခ)အောက်ခံအခင်း
အောက်ခံအခင်းအဖြစ် ပလက်စတစ်အခင်း(သို့) ဘိလပ်မြေအိတ်နှင့် မြေဩဇာအိတ်စသည့် အိတ်ခွံများ(သို့) ငှက်ပျောရွက်စသည့်သစ်ရွက်များ
(ဂ) သစ်သားပေါင်
(၂)ပေ×(၁)ပေ အကွက်ငယ်များပါသည့် သစ်သားပေါင်ဖြစ်သည်။ ယင်း သစ်သားပေါင်ကို (၂-၁) (၂)လက်မ×(၁)လက်မ သစ်သားဖြင့်ပြုလုပ်သည်။ မြေကြီးအား (၂)ပေ×(၁)ပေ ပုံစံ အတုံးများပြုလုပ်ရန်ဖြစ်သည်။
(၁၂)တန်း (၁)တန်းလှပ် လမ်းများ ချန်ပေးရန် လိုအပ်သည်။ ယင်းလမ်းများသည် လယ်ကွင်းအတွက်လေဝင်လေထွက်ကောင်းမွန်စေသည်။ ရလဒ်အဖြစ် ပိုးမွှား ရောဂါကျရောက်မှုနှုန်းကို လျော့ကျစေသည်။
ရွှေ့ပြောင်းစိုက်ပျိုးခြင်း
ပျိုးသက်(၈-၁၂)ရက်ကြား အပင်ကိုရွှေ့ပြောင်းစိုက်ပျိုးရန်ဖြစ်သည်။ ပျိုးပင်များ ကို လွယ်ကူစွာ ရွှေ့ပြောင်းနိုင်သည်(ပုံ-၁၀)။
ယင်းအပြင် အချိန်တိုအတွင်း ပျိုးချနိုင်မည်လည်းဖြစ်သည်။
ပျိုးပင်ငယ်အား ထိခိုက်မှုမရှိစေရေး ဂရုပြုရန်လိုအပ်သည်။
ပျိုးပင်ကို လက်မနှင့် လက်ညှိုးကြားထားပြီး မြေကြီးနှင့်အတူယူပါ(ပုံ-၁၁)။ ပြီးနောက်မြေပြင်အထက်(၁)လက်မအကွာမှ လက်ညှိုးကိုအသုံးပြုပြီး အောက်ဖက် ကို ညင်သာစွာ ဆွဲပြီး စိုက်ပျိုးရန်ဖြစ်သည်။
ပေါင်းနှိမ်နှင်းခြင်း
SRI နည်းတွင်ရေအမြဲမရှိသည့်အတွက် ပေါင်းများ ပိုမိုပေါက်သည်။
ပေါင်းများကို လက်နှင့်နှုတ်ပြီး လယ်ကွက်၏ အပြင်ဘက်သို့ပစ်မည့်အစား ပေါင်းတွန်းကိရိယာကို အသုံးပြုပြီး မြေဆီလွှာအတွင်း ထည့်သွင်းလျှင် အကျိုး ကျေးဇူးများစွာ ရရှိမည်ဖြစ်သည်။
ပေါင်းတွန်းကိရိယာကို ပြောင်းရွှေ့စိုက်ပြီး(၁၀)ရက်နှင့် (၂၀)ရက်မြောက်သော ရက်များတွင် အသုံးပြုရန်ဖြစ်သည်(ပုံ-၁၂)။ လိုအပ်လျှင် (၃၀)ရက်နှင့် (၄၀)ရက် များတွင် ဆက်လက်အသုံးပြုရန်ဖြစ်သည်။
ရေအသုံးချမှု
မြေပြင်တွင်ရေအမြဲလွှမ်းနေခဲ့လျှင် အမြစ်များသည် အောက်စီဂျင်ချို့တဲ့မှုကြောင့် သေကြေမှုဖြစ်ပွားသည်။
SRI နည်းတွင်ရေကိုအမြဲ ဖုံးလွှမ်းမနေရေး စီစဉ်ပေးရန်လိုအပ်သည်။
ရေသွင်းရေထုတ်တစ်လှည့်စီပြုလုပ်ပေးရသည်။
ရေထုတ်အပြီး မြေဆီလွှာ၏ အပေါ်ယံကြောအက်ကွဲသည့်အချိန်တွင် ရေကို ပြန်လည်သွင်းပေးရမည်။
ပေါင်းတွန်းကိရိယာမသုံးမီ (၁)ရက်အလိုတွင် လယ်ကွင်းအားရေသွင်းပေးရန် လိုအပ်သည်။
မှို့ကပ်ချိန်နှင့် ရင့်မှည့်ချိန်အကြား ရေကို(၁)လက်မခန့်သာ သွင်းထားရန် လိုအပ်သည်။
စပါးစေ့များ၏ (၇၀)ရာခိုင်နှုန်းခန့်မာလာသည့်အချိန်တွင် ရေထုတ်ပေးရန်ဖြစ်သည်။
ပိုးမွှားရောဂါထိန်းသိမ်းမှု
SRI နည်းတွင် အော်ဂဲနစ်မြေဩဇာကို အသုံးပြုရသည့်ရလဒ်အဖြစ် အပင်များ ကျန်းမာ ကြံ့ခိုင်ပြီး ပိုးမွှားရောဂါကျရောက်မှုနှုန်း လျော့စေသည်။
ပိုးမွှားများကို Amrit jalam နည်းဖြင့် နှိမ်နှင်းနိုင်သည်။
(က) နွားကျင်ငယ်ရေ (၁) လီတာ၊ (ခ) နွားချေး(၁)ကီလိုဂရမ် (သို့) (၆၀) ကျပ်သားခန့် (ဂ) ထန်းလျက်(၂၅၀)ဂရမ် (သို့) (၁၅-၂၅)ကျပ်သား (ဃ) ရေ(၁၀) လီတာ
ပြင်ဆင်အသုံးပြုပုံ
အထက်ပါပစ္စည်းများကို ပလပ်စတစ်ပုံး(သို့) မြေအိုးတစ်လုံးတွင် ထည့်သွင်း ရောစပ်ပြီး (၂၄)နာရီ အချဉ်ဖောက်ပါ။ ရရှိသော ဖျော်ရည်နှင့်ရေကို (၁:၁၀) အတိုင်းရောစပ်ပြီး ဆေးဖျန်းပုံးအတွင်း အဝတ်သန့်သန့်တစ်ခုဖြင့် စစ်ထည့်ကာ အသုံးပြုရန်ဖြစ်သည်။ ဖျော်ရည်ကို ရက်ပေါင်း(၃၀)ထိထားရှိနိုင်သည်။ နေ့စဉ်မွှေရန် လိုအပ်ပါသည်။
SRI နည်း၏ အကျိုးကျေးဇူးများ
၁။ အသုံးပြုနေသော မျိုးစေ့လိုအပ်ချက် (တစ်ဧကနို့ဆီဗူး၁၀လုံးခန့်) နည်းသဖြင့် မျိုးဖိုး ကုန်ကျစရိတ်သက်သာသည်။
၂။ စိုက်ခင်းအား အခြောက်ခံစနစ်ကို ကျင့်သုံးသည့်အတွက် ရေအသုံးပြုမှု လျော့နည်းသည်။
၃။ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးကို အသုံးမပြုသည့်အတွက် ယင်းတို့၏ အသုံး စရိတ်လျော့ချနိုင်သည်။
၄။ မြေလွှာကို အလှည့်ကျအခြောက်ခံပေးသည့်အတွက် ပိုးမွှားနှင့်ရောဂါကျရောက်မှု ကို လျော့ချနိုင်သည်။
၅။ အော်ဂဲနစ်စိုက်ပျိုးရေး၏ရလဒ်အဖြစ် အရသာရှိ၍ကျန်းမာရေးကို အထောက်အကူ ဖြစ်သော ဆန်ကို ထုတ်လုပ်ရရှိသည်။
၆။ ပင်ပွားထွက်ရှိမှု အလွန်များပြားခြင်း၊ အနှံအခက်များပိုမိုရှည်လျားခြင်းနှင့် အစေ့ အလေးချိန်တိုးသည့်အတွက် အထွက်များပြားစွာ ရရှိ နိုင်သည်။
၇။ မူလမျိုးစေ့အနည်းငယ်မှမျိုးစေ့အရေအတွက် များပြားစွာရရှိနိုင်သည်။
၈။ ကိုယ်ပိုင်မျိုးစေ့များကိုထုတ်ယူနိုင်သည်။
၉။ စပါးမျိုးတူလျင် မိရိုးဖလာစိုက်ပျိုးနည်းထက် အပင်သက်တမ်း (၁၀)ရက်ခန့် လျော့နည်းသည်။
၁၀။ ဇီဝဖြစ်စဉ် များပြားစွာဖြစ်ပေါ်သည့်အတွက် မြေဆီဩဇာတိုးတက်ဖြစ်ထွန်းသည်။
၁၁။ စပါးစေ့အရွယ်အစားတူလျှင် အလေးချိန်ပိုမိုသည်။ စပါးခွံ၊ ဖွဲ့ကြမ်းပါဝင်မှုရာခိုင်နှုန်း နည်းပြီး စပါးအကျိုးအကြေ လျော့နည်းသည်။