သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကြံမျိုးကောင်းမျိုးသန့်များအား ဝယ်ယူအသုံးပြုပါက Ethrel နှင့် မြေသြဇာ အခမဲ့ထည့်သွင်းပေးခြင်းအပြင် နည်းပညာအကူအညီများ ဆောင်ရွက်ပေးမည်

စိုက်ပျိုးရေးဉီးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲသည် ကြံသီးနှံသုတေသနခြံ (၃)ခြံ၊ မျိုးသန့်ခြံ(၉)ခြံ၊ စုစုပေါင်း(၁၂)ခြံဖြင့် ခြံများ၏တာဝန်ကို အဓိကထား၍ တာဝန်ယူဆောင် ရွက်လျှက်ရှိသည့်အပြင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကြံသီးနှံစိုက်ဧကနှင့် အထွက် နှုန်းတိုးတက်ရေးအတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ကြံအထွက်နှင့်သကြားအထွက်နှုန်း မြင့်မား၍ ပိုးမွှား ရောဂါဒဏ် ခံနိုင်ရည်ရှိသော ကြံမျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးနိုင်ရန်၊ ခေတ်မီ စိုက်ပျိုးနည်းပညာများကို တောင်သူများ အသုံးပြုလာစေရန်၊ ကြံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်စေရန် တို့ကိုရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ကြံရာသီတွင် ကြံသီးနှံမျိုးကောင်းမျိုးသန့်များနှင့် ခေတ်မီအထွက်တိုး နည်းပညာများ ဖြန့်ဖြူးရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သကြားထွက် သီးနှံဌာနခွဲ မှ သိရှိရသည်။

လာမည့် ကြံစိုက်ပျိုးရာသီတွင် သကြားထွက်သီးနှံဌာနခွဲ အောက်ရှိ သုတေသနနှင့်မျိုးသန့်ခြံများ က ထုတ်လုပ်သည့် ကြံမျိုးကောင်းမျိုးသန့်များအား တစ်ဧက နှင့်အထက် စိုက်ပျိုးရန် ကြံမျိုးဝယ်ယူအသုံးပြုမည်ဆိုပါက တောင်သူ့ စိုက်ပျိုးမြေ နမူနာစစ်ဆေး၍ ထည့်သွင်းရန် လိုအပ်သည့် မြေသြဇာနှုန်းထားများ ထောက်ခံချက်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျော ညီထွေမှုရှိသော စိုက်နည်းစနစ်အား လက်တွေ့ပြသ စိုက်ပျိုးပေးခြင်း နှင့် Ethrel အခမဲ့ထည့်သွင်း ပေးခြင်း ၊ မြေသြဇာ လေလွင့်မှုမရှိ အကျိုးရှိစွာ အသုံးပြု နိုင်မည့် မြေသြဇာ သုံးစွဲမှု နည်းစနစ် လက်တွေ့ထည့်သွင်း ပြသပေးခြင်း၊ အဆိုပါ မြေသြဇာ ထည့်သွင်းမှု နည်းပညာပေးခြင်း အတွက် အသုံးပြုသော မြေသြဇာကို လည်း အခမဲ့ ပေးခြင်း အပြင် စိုက်ပျိုးသည် မှ ခုတ်သိမ်းသည် အထိ နည်းပညာ အကူအညီများဆောင်ရွက် ပေး သွားမည် ဖြစ်ကြောင်း ၊ သုတေသနနှင့်မျိုးသန့်ခြံများ တည်ရှိရာ မြို့နယ် အတွင်းရှိ တောင်သူများအနေဖြင့် ၁၀ ဧကနှင့် အထက် စိုက်ပျိုးရန် မျိုးဝယ်ယူလျင် ကြံစိုက်စက်ဖြင့် အခမဲ့စိုက်ပျိုးပေးခြင်းကိုပါ ထည့်သွင်းစီစဉ်ထားပြီး ယင်းလုပ်ငန်း များနှင့်ပတ်သက်၍  သကြားထွက်သီးနှံဌာနခွဲ(ရုံးချုပ်) ဖုန်းနံပတ် ၀၆၇ ၄၃၁၁၂၃ ၊ ၀၆၇ ၄၃၁၂၅၁ ထံ ဆက်သွယ် စုံစမ်းနိုင်ကြသကဲ့သို့ သက်ဆိုင်ရာ ကြံသီးနှံ သုတေသနနှင့်မျိုးသန့်ခြံများ၊ တိုင်းဒေသကြီး၊ ပြည်နယ် စိုက်ပျိုးရေး ရုံးများ၌လည်း မေးမြန်းစုံစမ်းနိုင်ကြကြောင်း သိရသည်။

ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျော ညီထွေမှုရှိသော စိုက်နည်းစနစ်အား လက်တွေ့ပြသ စိုက်ပျိုးပေးခြင်း နှင့် Ethrel အခမဲ့ထည့်သွင်းပေးခြင်း သည် ကြံသီးနှံ စိုက်ပျိုးထွက်ရှိမှုအပေါ် များစွာ အကျိုးရှိစေမှာဖြစ်ကြောင်း ၊ Ethephon(Ethrel) သည် Plant growth regulator(PGR) တစ်မျိုးဖြစ်ပြီး ကြံသီးနှံ တွင် အပင်ပေါက်ရာ ခိုင်နှုန်း ကောင်းစေခြင်း၊ အပင်ပွားနှုန်းကောင်းစေခြင်း၊ လမိုင်းပင်ပေါက်ကောင်း စေခြင်း၊ ရင့်မှည့်မှုစောခြင်း၊ ပန်းပွင့်မှုလေျာ့နည်းစေခြင်း၊ ကြိတ်ဝါးရာသီနောက်ပိုင်း တွင် ကြံအရည်သွေးကို မကျစေခြင်း စသော အကျိုး ကျေးဇူးများစွာကို ရရှိစေ မှာဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ရည်မွန် က ပြောသည်။

ကြံသုတေသနခြံများဖြစ်သည့် ပျဉ်းမနားမြို့နယ်(ပျဉ်းမနားခြံ)၊ ဖြူးမြို့နယ် (ညောင်ပင်သာခြံ)၊ တောင်တွင်းကြီးမြို့နယ် (ကင်ပွန်းတောင်ခြံ) ၊ ကြံမျိုးသန့်ခြံများ ဖြစ်သည့် တောင်ကြီးမြို့နယ်(ကျောက်နီခြံ)၊ ဘီးလင်းမြို့နယ်(အနိုင်းပွန်ခြံ)၊ လယ်ဝေး မြို့နယ်(ကမ်းပါးနီ နှင့် သဲဖြူချောင်းခြံ)၊ ရေတာရှည်မြို့နယ်(ဘိုးတော်ကုန်း နှင့် ရေတာရှည်ခြံ)၊ ဖြူးမြို့နယ်(စိမ့်ကြီးခြံ)၊ ကျောက်တော်မြို့နယ်(ကျောက်တော်ခြံ)၊ တိုက်ကြီးမြို့နယ်(ဥက္ကံခြံ)များ အနီးဝန်းကျင်ရှိ တောင်သူများအနေဖြင့် (၁၀ ဧက နှင့် အထက် စိုက်ပျိုးရန်) ကြံမျိုးဝယ်ယူအသုံးပြုပါက ကြံစိုက်စက်ဖြင့် ဌာနမှ အခမဲ့ စိုက်ပျိုးပေးမည်ဖြစ်ပြီး၊ မြေသြဇာအပါအဝင် နည်းပညာအကူအညီများ ကိုလည်း ရယူခံစားနိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။