နယ်သတင်းများ သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ် တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား စိုက်ပျိုးနည်းပညာပေးဆွေးနွေး

စိုက်ပျိုးရေးဦးစီးဌာန က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသော ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ တွင် ဂန့်ဂေါခရိုင် နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးနည်း ပညာပေးဆွေးနွေးခြင်းကို ဇွန်လ ၂၀ ရက် နေ့လည်ပိုင်းက နှမ်းခါးကျေးရွာ ကျေးရွာခန်းမ၌ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဂန့်ဂေါခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့် က ဘက်စုံဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် စံပြကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် က FAW ငမြှောင်တောင်အကြောင်း သိကောင်းစရာနှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာများကိုလည်းကောင်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုး က နှမ်းခါးကျေးရွာတွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအဖြစ် ဆောင်ရွက်မည့် လယ်မြေ ၃၀၀ ဧက မှ မြေနမူနာများ ဓာတ်ခွဲစမ်းသပ်မှု ရလဒ်အဖြေများအရ မြေဆီလွှာ ဖွံ့ဖြို့တိုးတက်ရေး ဆောင်ရွက်ရမည့်အချက်များနှင့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ စနစ်တကျသုံးစွဲရေးတို့ကိုလည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်သွဲ့သွဲ့ညွန့် က မျိုးကောင်းမျိုးသန့်များအကြောင်းနှင့် မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးတို့ကိုလည်းကောင်း ပညာပေးဆွေးနွေးကြသည်။

ပညာပေးဆွေးနွေးပွဲတက်ရောက်လာကြသော တောင်သူ ၈၀ ဦးကျော် တို့အား စိုက်ပျိုးရေးနည်းပညာပေးလက်ကမ်းစာစောင်များ နှင့် သဘာဝမြေဆွေးပြုလုပ်ရန် အကျိုးပြုအဏုဇီဝ IMO မျိုးစေ့ထုပ်များကို တာဝန်ရှိသူများက ပေးအပ်ကြပြီး သဘာဝမြေဆွေးပြုလုပ်နည်းအား လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရှိရသည်။