နယ်သတင်းများ သတင်းကဏ္ဍ

သံတွဲမြို့နယ် တွင် ဧက ၅၀ အတွက် စီးပွားဖြစ် မျိုးစေ့ထုတ် မျိုးစပါး ၇၅ တင်း အခမဲ့ထောက်ပံ့ ၊ ထွက်ရှိလာသော မျိုးစပါးကို ဒေသနေတောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့ ဖူလုံစွာသုံးစွဲနိုင်ရန် ဆက်လက်ဖြန့်ဖြူးသွားမည်

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများလူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မျိုးသန့်၊ မျိုးပွား မျိုးစေ့ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက သံတွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က အမှာစကား ပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်း က လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာထွန်ယက် စိုက်ပျိုးမှုများကို စိုက်ပျိုးရေး ဦးစီး ဌာနနှင့် ပူးပေါင်း၍ စနစ်တကျ စိုက်ပျိုးကြရေးတို့ကိုလမ်းညွှန်မှာကြားသည်။

ထို့နောက် သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်နှင့် မြို့နယ် ဦးစီးမှူး ဦးဇော်ထွန်းခိုင်တို့က မျိုးသန့်၊ မျိုးပွါး မျိုးစေ့မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်းနှင့် စနစ်တကျ စိုက်ပျိုးရေးဆိုင်ရာများကို ရှင်းလင်း ဆွေးနွေး ကြသည်။ ဆက်လက်၍ မျိုးသန့်၊ မျိုးပွား မျိုးစေ့မျိုးစပါးအိတ်များကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က တောင်သူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

အဆိုပါ မျိုးသန့် မျိုးပွား မျိုးစေ့မျိုးစပါးများကို သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာတွင် ၁၂ ဧက ၊ အလယ်ရွာ ကျေးရွာတွင် ၃၈ ဧက စုစုပေါင်း ဧက ၅၀ အတွက် ၇၅ တင်းကို သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အခမဲ့ထောက်ပံ့ ပေးအပ်ကာ မျိုးသန့် မျိုးပွား မျိုးစေ့ထုတ် စိုက်ခင်းများအဖြစ် စိုက်ပျိုးသွားမည်ဖြစ်ပြီး ရရှိလာသော စပါးများကို တစ်ဧက လျှင် တင်းသုံးဆယ်နှုန်းဖြင့် သံတွဲမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဒေသ ပေါက်စျေးနှုန်းဖြင့် ပြန်လည်ဝယ်ယူကာ သံတွဲမြို့နယ် အတွင်းရှိတောင်သူများအား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းခိုင်ထံမှ သိရသည်။

သန့်ဇင် iprd