နယ်သတင်းများ သတင်းကဏ္ဍ

ဂန့်ဂေါတွင် သီးနှံသစ်တောရောနှောစိုက်ခင်းအတွက် စိန်တလုံသရက်ပျိုးပင်များ ပေးအပ်၊ SRIစိုက်ပျိုးနည်းစနစ်ဖြင့် ပျိုးထောင်ထားသည့် မိုးစပါးပျိုးခင်း ကွင်းသရုပ်ပြ


           ဂန့်ဂေါခရိုင်အတွင်း တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းမည့် စျေးကွက်ဝင် အရည်အသွေးကောင်း နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် သီးနှံသစ်တော ရောနှောစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဂန့်ဂေါခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိန်တလုံးသရက်ပျိုးပင် အပင် ၁၀၀ ကို ဂန့်ဂေါခရိုင်အတွင်းရှိ တောင်သူများထံသို့ အခမဲ့ပေးအပ်သွားမည်ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် သည် ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ကျေးရွာမှ တောင်သူ ဦးမြင့်အောင်နှင့် ဦးစုဝင်းတို့ထံ သီးနှံသစ်တော ရောနှောစိုက်ခင်းစိုက်ပျိုးရန် စိန်တလုံးသရက်ပျိုးပင် ၂၅ပင်ကို ပေးအပ်ခဲ့သည်။

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း စိန်တလုံးသရက် အပင်၂ဝဝကို ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများထံ အခမဲ့ပေးအပ်သွားမည်ဖြစ်ရာ သရက်ပျိုးပင်များ ဂန့်ဂေါမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

SRIစနစ်ဖြင့် မိုးစပါးပျိုးထောင်ထားသည့် ပျိုးခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းသရုပ်ပြပွဲကို ဂန့်ဂေါမြို့နယ်၏ ဘက်စုံအဆင်မြင့်နည်းပညာသုံးစံပြကျေးရွာဖြစ်သည့် နှမ်းခါးကျေးရွာတွင် ကျင်းပရာ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ် တို့က SRI စပါးစိုက်ပျိုးနည်းစနစ်နှင့်ပတ်သက်၍ ရောက်ရှိလေ့လာကြသော တောင်သူများအား နည်းပညာပေးဆွေးနွေးကြပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် က ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာများကို ဆွေးနွေးခဲ့သည်။

ရာသီဥတုပြောင်းလဲလာသဖြင့် ဂန့်ဂေါမြို့နယ်တွင် မိုးရွာသွန်းမှု လျော့နည်းလျက်ရှိရာ ရေလိုအပ်မှုနည်းသည့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းစနစ်များဖြင့် မိုးစပါးပျိုးထောင် စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပေးမှုအား တောင်သူများက စနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိကြကြောင်း၊ ရေသွင်း ရေခမ်းစနစ် ကျင့်သုံးသဖြင့် ရေလိုအပ်ချက်နည်းကာ အထွက်နှုန်းကောင်းပြီး ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် SRI စနစ်ဖြင့် ယခုနှစ် မိုးစပါး စိုက်ပျိုးကြမည့် ရွှေဘိုကျေးရွာ၊ တောင်ခင်ရန်းကျေးရွာနှင့် နှမ်းခါးကျေးရွာတို့တွင် ရတနာတိုးစပါးမျိုး၊ ဆင်းသုခစပါးမျိုးနှင့် မနောသုခစပါးမျိုးများကို ပျိုးထောင်ထားကြကြောင်း သိရသည်။