နယ်သတင်းများ သတင်းကဏ္ဍ

မိုးနှမ်းစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး အဝါရောင် စေးကပ်ထောင်ချောက်များစိုက်ထူ

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် ဆောင်ရွက်လျက်ရှိသည့် နှမ်းခါးကျေးရွာတွင် မိုးနှမ်းစိုက်ခင်းများ ၌ ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းရေး နည်းပညာဖြင့် ပိုးမွှားများကို ကာကွယ်နှိမ်နင်းနိုင်ရန် အဝါရောင် စေးကပ်ထောင်ချောက် Yellow Sticker များ စိုက်ထူထားကြောင်းသိရသည်။

အဝါရောင်စေးကပ် ထောင်ချောက်ကတ်ပြားများကို ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် ၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထင်အောင်ကြွယ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်နွယ် နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ က တောင်သူများနှင့်အတူ တောင်သူ ၅ ဦး၏ မိုးနှမ်းစိုက်ခင်းများတွင် ဇူလိုင်လ ၂၆ ရက်နေ့က စိုက်ထူပေးထားခြင်းဖြစ်သည်။

အဝါရောင်စေးကပ်ထောင်ချောက်များ စိုက်ထူထားခြင်းဖြင့် ထောင်ချောက်တွင်လာနား၍ ကပ်ညိ နေသည့် ပိုးမွှားများကို ကြည့်ကာ ပိုးမွှားကျရောက်မှု အခြေအနေကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။ ကျရောက်သည့် ဖျက်ပိုးအမျိုးအစားအလိုက် သုံးသင့်သည့် ပိုးသတ်ဆေးအမျိုးအစားကို မှန်ကန်သော နှုန်းထားဖြင့် စည်းစနစ်မှန်ကန်စွာ ရွေးချယ်သုံးစွဲနိုင်ကာ စားသုံးသူ ဘေးကင်း လုံခြုံရေးအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

အဆိုပါ အဝါရောင်စေးကပ်ထောင်ချောက်များကို ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံက ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။