ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာ Knowledge Centre ၌ FAW ငမြောင်တောင် ကျရောက်မှုမှ ကာကွယ်နိုင်ရန် အတွက် ပြောင်းနှင့်ပဲပုတ် သီးညှပ် စမ်းသပ်စိုက်ပျိုးခြင်းကို ဇွန်လ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်စိုက််ပျိုးရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မော်မော်လွင် နှင့် စိုက်ပျိုးရေး ဝန်ထမ်းများ က ကွင်းဆင်း စိုက်ပျိုးခဲ့ကြသည်။
ပြောင်းနှင့်ပဲပုတ် သီးညှပ်စိုက်ပျိုးခြင်းကြောင့် အပင်များအတွက် အထောက်အကူပြုသည့် မိတ်ဆွေ ပိုးများကို ဖိတ်ခေါ်ရာရောက်ပြီး ဖျက်ပိုးများကို အဝေးသို့ မောင်းထုတ်နိုင်သော အစွမ်းသတ္တိများ ရှိခြင်းနှင့် တောင်သူများအား ပိုးသတ်ဆေး သုံးစွဲမှု လျှော့ချနိုင်စေရန်၊ FAW ငမြှောင်တောင် ကျရောက်မှုမှ ကာကွယ် နိုင်ရန်အတွက် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးရခြင်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင် က ပြောသည်။
FAW ငမြှောင်တောင်သည် အပင်ငယ်စဉ်မှ ဖူးပွင့်သည့်အထိ အရွက်များကို စားသောက် ဖျက်ဆီး သော်လည်း ကျရောက်မှု များပါက အဖူးများကိုပါ ဖျက်ဆီးနိုင်ကာ စပါး၊ ပြောင်း၊ နှံစားပြောင််း အပါအဝင် သီးနှံပေါင်း (၈ဝ) ကျော်ကို စားသောက်ဖျက်ဆီးပြီး သီးနှံပင်များ မရှိပါက ပေါင်းပင်များကြား ခိုအောင်း နေထိုင်၍ စားသောက်သည့် ဖျက်ပိုးတစ်မျိုး ဖြစ်သည်။ တောင်သူများအတွက် အဓိကရန်သူ တစ်ဦးပင် ဖြစ်၍ အထူးသတိထား ကြရမည်ဖြစ်သည်။
ဖျက်ပိုးကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖျက်ပိုး၏ လက်ခံပင်များ (ဥပမာ-ပြောင်း၊ နှံစားပြောင်း၊ စပါး)ကို တစ်မျိုးတည်း ဆက်တိုက် စိုက်ပျိုးခြင်းအား ရှောင်ကြဉ်၍ ပန်းနှမ်း၊ ပီလောပီနံ တို့နှင့် သီးလှည့်စိုက်ပျိုးခြင်း၊ စိုက်ပျိုးချိန် နောက်ကျခြင်းတို့အား ရှောင်ရှားခြင်း၊ စိုက်ခင်းအတွင်း ပင်ကြွင်း ပင်ကျန်နှင့် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းခြင်း၊ ပိုတက်ရှ်မြေသြဇာကို မဖြစ်မနေ ထည့်ခြင်း၊ စိုက်ခင်းသို့ မှန်မှန်ကွင်းဆင်း၍ ဖျက်ပိုးဥမြုံများ၊ လောက်ကောင်များကို လက်ဖြင့်ကောက်ယူ ဖျက်ဆီး ပစ်ခြင်း တို့ကို ဆောင်ရွက် ပေးခြင်းဖြင့် ဖျက်ပိုးကျရောက်မှုကို ကာကွယ် နိုင်သည်ဟု မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုလက်ထောက် ဦးစီးမှူး ဒေါ်ဖြူဖြူဆွေ က ပြောသည်။
စည်သူဌေး (မိုးမိတ်သား)