နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၈ နေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့သို့ ရောက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့်ဒေသခံပြည်သူများက ဓနုဖြူမြို့နယ် အားကစားကွင်း၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဓနုဖြူမြို့ လယ်ယာဝန်ဆောင်မှုစင်တာ၌ ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဒီနေ့ တွေ့ဆုံပွဲကို ဒေသခံ တောင်သူလယ်သမား နှစ်ထောင် နီးပါး တက်ရောက်ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေနဲ့ ကုန်သည်၊ စက်ပိုင်ရှင် တွေ တက်ရောက်လာတယ်ဆိုတာ သိရပါတယ်။ အုပ်ချုပ်ရေးပိုင်းက ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူ တွေလည်း တက်ရောက် ကြပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီကနေ့ တက်ရောက် လာတဲ့သူတွေ အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး စာနာနားလည်စိတ်နဲ့ ရိုင်းပင်းကူညီကြဖို့ အထူးပဲ အရေးကြီးလှပါတယ်။ အထူးသဖြင့် ကျွန်မတို့ရဲ့တောင်သူ လယ်သမားတွေနဲ့ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်တွေအကြား မှာ ခိုင်မာပြီး ရေရှည် တည်တံ့တဲ့ ဆက်ဆံမှု၊ နားလည်မှု၊ စာနာမှုတွေ ရှိရမှာ ဖြစ်ပါတယ်။

“ဒီလိုဆက်ဆံမှုမျိုးတွေ တည်ဆောက်နိုင်အောင် အစိုးရဌာနဆိုင်ရာတွေကလည်း တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်၊ လယ်ယာစီးပွားရေး လုပ်ငန်းရှင် ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကိုနည်းမှန်လမ်းမှန် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဌာနဆိုင်ရာ အပိုင်းမှာဆိုရင် မြေစာရင်းဌာန၊ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာန၊ စက်မှုလယ်ယာဌာန တွေဟာ တောင်သူလယ်သမားတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံပြီး နိုင်ငံတော်အစိုးရ ကိုယ်စား ဝန်ဆောင်မှု ပေးနေရ တာဖြစ်လို့ ဒီဌာနတွေ အနေနဲ့ တောင်သူလယ်သမားတွေကို ရင်းနှီးနွေးထွေးစွာ ကူညီပေးဖို့ လိုပါတယ်။ နီးနီးစပ်စပ် အတူတစ်ကွ ပုံမှန်ထိတွေ့ ဆက်ဆံပြီး လုပ်ပေးနိုင်တာတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ လုပ်ပေးရမှာတွေကို နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ လုပ်ဆောင်ပေးဖို့၊ မလုပ်ပေးနိုင်သေးတဲ့ ကိစ္စတွေကိုဆိုရင်လည်း မလုပ်ပေးနိုင်ရတဲ့ အကြောင်းရင်းကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းရှင်းပြပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေး၊ ဘတ်ဂျက်နဲ့ ဓနအင်အား အကန့် အသတ်ရှိတာကြောင့် ဦးစားပေးအလိုက် သုံးသပ်ရွေးချယ်ပြီးမှ ကြိုးပမ်းဆောင်ရွက် ပေးနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီအခြေအနေကိုလည်း ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေ သိရှိကြဖို့နဲ့ နားလည်လက်ခံပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေး၊ ဘတ်ဂျက်နဲ့ ဓနအင်အား အကန့်အသတ်ရှိတာ ကြောင့် ဦးစားပေးအလိုက် သုံးသပ်ရွေးချယ်ပြီးမှ ကြိုးပမ်းဆောင်ရွက်ပေးနေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒီအခြေအနေကိုလည်း ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေ သိရှိကြဖို့နဲ့ နားလည်လက်ခံပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကိစ္စတွေ တော်တော်များများ ကလုပ်ဖို့ဆိုရင် နောက်ကနေ ငွေလိုက်ဖို့က အင်မတန်မှ လိုအပ်ပါတယ်။ ကျွန်မတို့ နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု အနေနဲ့ လုပ်ချင်တာ လုပ်ဖို့ဆိုတာ ငွေအား၊ဓနအင်အားက မရှိသေးပါဘူး။ ရှိဖို့ဆိုတာ အားလုံး ၀ိုင်းဝန်းပြီး ကူညီမှ ဖြစ်ပါလိမ့်မယ်။ ဒီတော့ အခု မဖြစ်နို်င်သေးဘူးဆိုရင် ကျွန်မတို့ အစိုးရ ကတော့ ပွင့်ပွင့် လင်းလင်းပဲ ရှင်းပြပါတယ်။ အခုအချိန်မှာတော့ မဖြစ်နို်င်သေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေတွေက မပေးလို့၊ ဘာတွေ လိုအပ်ချက်တွေရှိတယ်ဆိုတာ ကျွန်မတို့ ရှင်းပြပါတယ်။ အဲဒါတွေ ရှင်းပြရမှာက အစိုးရရဲ့ တာဝန်ဖြစ်သလို ဒီလို ရှင်းပြချက်တွေကို ရဖို့ဆိုတာကလည်း တောင်သူ လယ်သမားတွေရဲ့အခွင့်အရေးဖြစ်ပါ တယ်။ အခွင့်အရေးနဲ့ တာဝန်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကျွန်မတို့ အစိုးရဘက်မှာလည်း တာဝန်ရှိတယ်။ အခွင့်အရေး ရှိတယ်။ တောင်သူ လယ်သမားကြီးတွေဘက်မှာလည်း အခွင့်အရေး ရှိတယ်။ တာဝန်ရှိတယ်။ နှစ်ဦးနှစ်ဖက်က အခွင့်အရေးကိုရော၊ တာဝန်ကိုရော တန်းတူညီမျှ တန်ဖိုးထားပြီး လုပ်သွားမယ် ဆိုရင် ဘယ်လိုပဲ ပြဿနာတွေရှိရှိ ဖြေရှင်းနို်င်မှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားများအတွက် မြေယာကိစ္စ ဦးစားပေး

“ကျွန်မတို့ရဲ့ တောင်သူလယ်သမားဦးကြီးများအတွက်ဆိုရင် အဓိကကျတဲ့ မြေအသုံးချမှုနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကိုလွယ်ကူရှင်းလင်းအောင်၊ လက်တွေ့ လုပ်ဆောင်ရာမှာ အခက်အခဲမရှိအောင် တတ်နိုင်သမျှ ဦးစားပေးပြီး ပြင်ဆင်ရေးဆွဲ တာတွေ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေတွေကို အထူးဦးစားပေးပြီး လွှတ်တော်အဖွဲ့အစည်း အသီးသီးက အစိုးရ ဌာနတွေနဲ့ ညှိနှိုင်းပြီးလုပ်ကိုင်နေ တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အရင်တုန်းက အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့ကိုလည်း နိုင်ငံတော်သမ္မတရုံးက ဦးစီးပြီးတော့ အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။

“ကျွန်မအနေနဲ့ နိုင်ငံအနှံ့အပြားက ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့ အခါမှာ ဘယ်နေရာပဲ ရောက်ရောက် လူထုက တင်ပြတဲ့အထဲမှာ လယ်ယာမြေကိစ္စက ထိပ်ဆုံးက အများဆုံး ဖြစ်နေတာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိရပါ တယ်။ ဒါ့ကြောင့်လည်း လယ်ယာမြေပြဿနာတွေကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ တွန်းအား ပေးနေရတာ ဖြစ်ပါတယ်။ အချိန်ကာလ သတ်မှတ်ချက်တွေ သတ်မှတ်ထားပေမယ့် လက်တွေ့မြေပြင်မှာ နှစ်နဲ့ချီပြီး စောင့်ဆိုင်းနေရတဲ့ ကိစ္စရပ်တွေ အများကြီး ကျန်နေသေးတယ် ဆိုတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။ ဝန်ထမ်းအင်အား မလုံလောက် လို့လား၊ လုပ်ထုံးလုပ်နည်းတွေကပဲ ကြန့်ကြာနေတာလား၊ တာဝန်ယူ၊ တာဝန်ခံမှု မရှိဘဲ ဟိုဘက် ဒီဘက် စာတွေ လွှဲနေလို့ မပြီးပြတ်တာလား၊ ဒါတွေကို သေသေချာချာ သုံးသပ်လေ့လာပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို တိုက်တွန်းအားပေးနေရပါတယ်။

“ကျွန်မတို့ တွေ့ရတာကတော့ ဒီလိုမြေတွေနဲ့ ပတ်သက်ရင် သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲတာတွေ လည်း ရှိပါတယ်။ တချို့ဟာတွေကျတော့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတွေက လုပ်ထုံးလုပ်နည်းတွေဟာ မပီပြင်လို့ မကြန့်ကြာသင့်ဘဲနဲ့ ကြန့်ကြာနေတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာလည်း တစ်ခါတလေ မြေတွေနဲ့ပတ်သက်လို့ မူလပိုင်ရှင်ပါဆိုပြီးတော့ ပြန်ပြီးတော့ တောင်းတဲ့သူတွေကလည်း ပြည့်ပြည့်စုံစုံ အထောက် အထားမရှိတာတို့၊ တခါတလေ လည်း မမှန်မကန်ဘဲနဲ့ တောင်းတာတို့ ဒါတွေလည်း ရှိပါတယ်။ အဲဒီတော့ အားလုံးဘက်ကနေပြီးတော့ ဖြောင့်ဖြောင့် မှန်မှန်နဲ့ ကိုယ်လုပ်ရမယ့် တာဝန်ကို ကျေပွန်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဒါမှလည်း မြေယာကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းနိုင်မှာပါ။ ဒီ ဧရာဝတီတိုင်းမှာတော့ စောစောက ဧရာဝတီတိုင်း ဝန်ကြီး ချုပ်က ဆွေးနွေးတဲ့အခါမှာ တချို့ပြန်ပေးရ မယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ က ပြန်ပေးတဲ့ နေရာမှာ နှောင့်နှေးနေတယ်ဆိုတာ ကြားရပါတယ်။ နှောင့်နှေးနေတဲ့ ပုဂ္ဂိုလ်များ မနှောင့်နှေးဖို့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ ကပ်ပြီး ဖက်တွယ် နေကြရမှာလဲ၊ မြန်မြန် ဆန်ဆန် ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုထက်ထိ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ် တာကြောင့် လယ်ယာမြေကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ့် မြေတွေကို မြန်မြန် ဆန်ဆန် ပြန်ပေးခြင်းဟာ ကိုယ့်အတွက်လည်း သိက္ခာရှိတယ်၊ ကိုယ့်ရဲ့နိုင်ငံ အတွက်လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်းပြီးတော့ မြန်မြန် ဆန်ဆန်ဖြစ်အောင် သက်ဆိုင်သူများက ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။

“တစ်ဆက်တည်းမှာပဲ လယ်ယာမြေနဲ့ ပတ်သက်လာရင် ကျွန်မတို့ရဲ့ တောင်သူ လယ်သမားကြီးတွေ အခက်အခဲဖြစ်စေတဲ့ ကိစ္စတွေကိုလည်း လေ့လာသုံးသပ်နေပါတယ်။ ဥပမာအားဖြင့် မကြာသေးခင်ကပဲ ပြည်ပစျေးကွက် အပြောင်းအလဲတွေ ကြောင့် ပြည်တွင်းက စိုက်ပျိုးသီးနှံတွေ ရွေးချယ်စိုက်ပျိုးမှုအပေါ်မှာ ကြီးကြီးမားမား သက်ရောက်စေခဲ့ပြီး အခက်အခဲတွေ ဖြစ်ပေါ်စေခဲ့တာမျိုးတွေလည်း ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် လယ်ယာမြေတွေမှာ သီးနှံတစ်မျိုးကနေ အခြားတွက်ခြေကိုက်တဲ့ သီးနှံတစ်မျိုး ပြောင်းလဲပြီး စိုက်ပျိုးနိုင်အောင်၊ စျေးကွက်အနေအထားအရ စျေးကွက်ဝင်သီးနှံတွေ စိုက်ပျိုးနိုင်အောင် ကျွန်မတို့ အစိုးရအနေနဲ့ မူဝါဒပိုင်းကနေ ကူညီပေးရမှာဖြစ်ပါတယ်။

“တောင်သူလယ်သမားကြီးတွေကိုယ်တိုင်ကလည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ နှေးနေ လို့မရပါဘူး၊ တစ်နှစ်နဲ့တစ်နှစ်တောင် မဟုတ်ဘူး၊ တစ်လနဲ့တစ်လ၊ ရာသီဥတုရဲ့ အနေအထားအရ၊ ကမ္ဘာ့ စျေးကွက်ရဲ့ အနေအထားအရ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေအတွက် အသင့်တော်ဆုံး၊ ကျွန်မတို့နိုင်ငံ အတွက်လည်း အကျိုးအမြတ် အရှိဆုံး ဘယ်လိုဟာ မျိုးတွေ စိုက်သင့် သလဲဆိုတာ တစ်ချိန်လုံးလေ့လာနေဖို့လိုပါတယ်။ အစိုးရပိုင်းကနေ အကူအညီပေးရမှာကတော့ ပေးရမှာပါပဲ၊ တောင်သူလယ်သမားကြီးတွေ ကိုယ်တိုင်က ကိုယ့်ဟာ ကိုယ် လေ့လာချင်တဲ့စိတ် ရှိဖို့လိုပါတယ်။ ကြုံတုန်းပြောရရင် ရာသီဥတု ပြောင်းလဲမှုကြောင့် အရင်တုန်းက အင်မတန်မှ ဖြစ်ထွန်းတဲ့ သီးနှံတွေက အခုဖြစ်ချင်မှဖြစ်မှာ၊ ဒါကြောင့် အရင်တုန်းက စိုက်ပျိုးပုံ စိုက်ပျိုးနည်းတွေနဲ့ အခုဖြစ်ချင်မှဖြစ်မှာ။ အဲဒါတွေကိုလည်း တစ်ချိန်လုံး သတိပြုပြီးတော့ ခေတ်နဲ့အညီ၊ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ ကိုယ်ကိုယ် တိုင်က စိုက်ပျိုးနည်းတွေ၊ စိုက်ပျိုးတဲ့အပင်တွေဘာတွေ ပြောင်းလဲရမလဲဆိုတာကို တစ်ချိန်လုံး လေ့လာသုံးသပ်ပြီး အမြန်ဆုုံး ပြောင်းလဲသင့်တဲ့နေရာမှာ ပြောင်းလဲစေချင်ပါတယ်။ အဲဒါကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တတ်နိုင်သမျှ ပညာဖြန့်ဝေခြင်းအားဖြင့် ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

“စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကိုလုပ်ကိုင်အသက်မွေးတဲ့ တောင်သူလယ်သမားကြီးတွေဟာ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေး အတွက်သာမက ကျွန်မတို့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ပါ အင်မတန်အရေးကြီးပါတယ်။ ဒီလို အရေးကြီး တာကြောင့်လည်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းထားရှိပြီး တောင်သူလယ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိအောင်၊ လယ်ယာထွက်ကုန်တွေ အတွက် သင့်တင့် မျှတတဲ့ စျေးကွက်ဈေးနှုန်း ရရှိအောင်၊ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို တတ်နိုင်သမျှ ဖော်ဆောင်ပေးနိုင်အောင် ရည်ရွယ်ပြီးဥပဒေ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

“ဒီဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် ဦးဆောင်အဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်ပြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက အတွင်းရေးမှူး ဖြစ်ပါတယ်။ တိုင်းဒေသကြီးများနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကလည်း အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်၊ ဥပဒေမှာ ဖော်ပြထားချက်တွေကို အခြေခံပြီးကျွန်မ တို့ရဲ့ တောင်သူလယ်သမားတွေအတွက် ကြိုးစားအားထုတ် ဆောင်ရွက် ပေးဖို့ဖြစ်ပါတယ်။

“ဒီအဖွဲ့အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် လိုအပ်မှုတွေ ရှိနေသေးတယ် ဆိုရင်လည်း ကျွန်မတို့ တောင်သူလယ်သမားကြီး တွေအနေနဲ့ တောင်းဆိုပိုင်ခွင့်၊ တိုက်တွန်းပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ ပြဋ္ဌာန်းထားတဲ့ ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေကို ကျွန်မတို့အနေနဲ့ မဖြစ်မနေ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ အစိုးရဟာ အုပ်ချုပ်ရေးတာဝန်ကို ယူကတည်းကစပြီး တရားဥပဒေစိုး မိုးရေးကို အဓိကလိုအပ်ချက် တစ်ခုလို့ သတ်မှတ်ထားပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှုအတွက်ဆိုတာ တရားဥပဒေစိုးမိုးရေးက အင်မတန် အရေးကြီးပါတယ်။

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုရင် ဘယ်လိုမှ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ ဥပဒေဆိုတာ တစ်ဖက်သတ် မဟုတ်ပါဘူး။ ဥပဒေဆိုတာ အားလုံးကို ကာကွယ်ထားဖို့ဖြစ်ပါတယ်။ ဥပဒေအထက်မှာက ဘယ်သူမှမရှိဘူး။ အားလုံး အတွက် မျှမျှတတဖြစ်ရမယ်။ ဥပဒေတွေဟာ အကယ်၍ မမျှတဘူး၊ ခေတ်နဲ့မညီဘူးလို့ ထင်ရင် ဥပဒေပြု မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေက ပြောင်းသင့်ပြောင်း ထိုက်တာကို ပြောင်းရမှာ ဖြစ်ပါတယ်။

“အဲဒါကြောင့် တရားဥပဒေစိုးမိုးရေးကို အလေးထားပါ။ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ အကယ်၍ တည်ဆဲဥပဒေတွေဟာ မမျှတဘူး၊ မသင့်တော်ဘူးလို့ထင်ရင် ပြည်သူ ပြည်သားအားလုံးဟာ ဥပဒေတွေ ပြင်သင့်ကြောင်း ကိုယ့်ရဲ့လွှတ်တော် ကိုယ်စားလှယ်ကနေ တစ်ဆင့်တင်ပြလို့ရပါတယ်။ လွှွတ်တော်ဆိုတာ ဥပဒေပြု မဏ္ဍိုင်ဖြစ်ပါတယ်။ ဥပဒေတွေကို ပြင်ဖို့လိုရင် ဥပဒေဘောင် အတွင်းက ပြင်ရမယ်။ ဥပဒတွေဟာ ဟိုဖက်၊ဒီဖက် မျှမျှတတ ရှိတယ်ဆိုရင် အားလုံးက ဒီဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ကိုု်ယ်နိုင်မှ ဥပဒေကို လိုက်နာတယ်ဆိုတာ တရား ဥပဒေစိုးမိုးရေး မဟုတ်ပါဘူး။ အဲဒါကိုတော့ ကျွန်မ အားလုံးကို ၊နှစ်ဖက်ကို သတိပေး လိုပါတယ်။ ဥပမာ- မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဟိုဖက် ၊ဒီဖက် ကိုယ့်ဖက်က နို်င်သွားရင် ဥပဒေက ကောင်းတယ်လို့ ထင်ကြတယ်၊ ကိုယ့်ဖက် ရှုံးသွားတယ်ဆိုရင် ဥပဒေကို ကန့်ကွက်ကြ တယ်။ ဒီလိုလုပ်လို့မရပါဘူး။ ဥပဒေဟာ မျှမျှတတဖြစ်ရမယ်။ မမျှတဘူး ထင်ရင် ဥပဒေပြု လွှတ်တော်ကနေ တဆင့်ပြင်ဖို့ကို ဥပဒေပြုဘောင်အတွင်းကနေ ကြ်ိုးစား ရမှာ ဖြစ်ပါတယ်။
ဆန်စပါး အခြေခံစျေးနှုန်းသတ်မှတ်ရေးလုပ်ငန်းစဉ်

“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လတုန်းကနေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဆန်စပါးအတွက် အခြေခံ စျေးနှုန်းအဖြစ် သတ်မှတ်အရည်အသွေး ပြည့်စုံ ရင် တင်းတစ်ရာကို ကျပ် ၅ သိန်းနှုန်း ကြေညာဆောင်ရွက်ပေးဖို့ ကျွန်မ အနေနဲ့ အထူးအလေးပေး တိုက်တွန်းခဲ့ပါတယ်။ တိုက်တွန်းခဲ့တဲ့အတိုင်းလည်း အခြေခံစျေးနှုန်း အဖြစ် သတ်မှတ်ကြေညာ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေခံစျေးနှုန်း ဆိုတာ တစ်ရာသီပြီးရင် တစ်ရာသီ၊ တစ်နှစ်ပြီးရင် နောက်တစ်နှစ် ပြောင်းလဲ ကြေညာပေးနေရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ စိုက်ပျိုးရာသီမတိုင်မီ ပြည်တွင်း၊ ပြည်ပဈေးကွက် အခြေအနေ တွေကို လေ့လာသုံးသပ်ပြီး ကြိုတင်ကြေညာ ပေးရပါတယ်။ ဒီလိုကြေညာပေးတဲ့ အခြေခံ စျေးနှုန်းကို လေ့လာပြီး တောင်သူတွေက သူတို့အတွက် တွက်ခြေကိုက်တဲ့ သီးနှံကို ရွေးချယ် စိုက်ပျိုးကြတဲ့ ပုံစံမျိုးကို ဆောင်ရွက်ကြပါတယ်။

“ကျွန်မတို့နိုင်ငံမှာလည်း သီးနှံအားလုံးအတွက် မလုပ်နိုင်သေးရင်တောင် တောင်သူ လယ်သမားအများစု စိုက်ပျိုးနေကြတဲ့ မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြံ စတဲ့ အဓိက စိုက်ပျိုးသီးနှံတွေကို အခြေခံစျေးနှုန်း သတ်မှတ်နိုင်ဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ မနှစ်က ဆန်စပါး အခြေခံ စျေးနှုန်းကြေညာခဲ့ပြီးနောက် တစ်နှစ်ကျော်ကာလ အတွေ့ အကြုံရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး အခြေခံစျေးနှုန်း ကြေညာတဲ့ လုပ်ငန်းစဉ်နဲ့ စျေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစိုးရ အပိုင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအပိုင်းနဲ့ တောင်သူတွေအပိုင်းက မျက်ခြည်မပြတ် လေ့လာပြီး ရေရှည်ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရပိုင်း အနေနဲ့လည်း အခြေခံ စျေးနှုန်းအောက် မရောက်အောင် မူဝါဒပိုင်းအရ ဖြစ်စေ၊ ပြည်ပ နိုင်ငံအစိုးရတွေနဲ့ ချိတ်ဆက်ပြီးတင်ပို့ ရောင်းချ နိုင်အောင်ပဲဖြစ်စေ ကြိုးပမ်းလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

“အခြေခံ စျေးနှုန်းဟာ အခြေခံအကျဆုံး စျေးနှုန်းဖြစ်လို့ ဒီအခြေခံ စျေးအောက်ကို ရောက်မသွားအောင် သီးနှံတွေ စုပြုံပေါ်ထွက်ချိန်မှာ ဝယ်လိုအား တိုးမြှင့်မယ့် အစီအစဉ် တွေကို ပုဂ္ဂလိကနဲ့ အစိုးရက ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့က တခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးရတယ်ဆိုတာဟာ တစ်ခါတစ်လေ ပြည်သူတွေက ဒီကိစ္စကို သိပ်ပြီး မသိကြဘူး။ တောင်သူလယ်သမားကြီးတွေကလည်း မသိကြဘူး။ ပဲစျေး တွေကျသွားတာဟာအိန္ဒိယနိုင်ငံက အရင်တုန်းက ယူသလောက် မယူလို့ဖြစ်သွားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က အိန္ဒိယနိုင်ငံနဲ့ ညှိနှိုင်းရပါတယ်။ နှစ်နိုင်ငံအတွင်း မိတ်ဆွေပီပီ ညှိနှိုင်းပြီးတော့ ဒီလိုကိစ္စတွေကို လုပ်ရပါတယ်။ တခြားနိုင်ငံတွေနဲ့ဆိုရင် လည်း ဒီအတိုင်း ပါပဲ။ ကျွန်မတို့ဟာ ဘယ်နိုင်ငံနဲ့မဆို မိတ်ဖြစ်ဆွေဖြစ် ကောင်းကောင်း မွန်မွန်ဆက်ဆံပြီး ဟိုဘက်ဒီဘက် အကျိုးအမြတ် ရှိအောင် ညှိနှိုင်းပြီးလုပ်ရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။

“အကြောင်းကြောင်းကြောင့် အခြေခံစျေးနှုန်းအောက် စျေးကျသွားမယ် ဆိုရင်လည်း ဝယ်ယူရေးအစီအစဉ်တွေ၊ သိုလှောင်ရေး အစီအစဉ်တွေကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး စနစ်တကျ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် တွေဟာ တစ်ရာသီတည်း အတွက်၊ တစ်နှစ်တည်းအတွက် မဟုတ်ဘဲ တစ်ရာသီပြီးတစ်ရာသီ၊ တစ်နှစ်ပြီးတစ်နှစ် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရလက်ထက်မှာတင် မဟုတ်ပါဘူး၊ နောင်အစိုးရ အဆက်ဆက်ကလည်း တောင်သူ လယ်သမားတွေအတွက်၊ ကျေးလက်နေ ပြည်သူလူထု အတွက် ဦးစားပေးပြီး ဥပဒေအရ ဆက်လက် လုပ်ကိုင် ဆောင်ရွက်ပေးသွားရမယ့် လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံစျေးနှုန်း သတ်မှတ်ရေးဆိုတာ စျေးကွက် အခြေအနေ၊ ထုတ်လုပ်မှု အနေအထား စတဲ့ အခြေခံ အကြောင်းရင်းတွေကို အခြေပြုပြီး ရေရှည်အားဖြင့် စဉ်ဆက်မပြတ် ပြောင်းလဲ ပြင်ဆင်သွားရမယ့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်ဆိုတာကို အလေးထားပြီး တိုက်တွန်းမှာ ကြားလိုပါတယ်။

စိုက်ပျိုးစရိတ် ချေးငွေ

“ကျွန်မတို့ အစိုးရအနေနဲ့ ရေတိုလုပ်ငန်းတွေကို တစ်ဖက်က လုပ်သလို၊ ရေရှည် အတွက် အကျိုးရှိမယ့် လုပ်ငန်းတွေကို ပိုမိုဦးစားပေးပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားအများစု မှီခိုအားထားရတဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ရေရှည်မှာ အမှန်တကယ် ဖွံ့ဖြိုးရေးဘဏ်အဖြစ် ပီပီပြင်ပြင် ပေါ်ထွက်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေကို နိုင်ငံတကာဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်တွေ၊ အကူအညီတွေရယူပြီး ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားကြီးတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဟာအလွန်ပဲ အရေးကြီး တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေ နှစ်တို၊ နှစ်လတ် ချေးငွေတွေကို ယခုထက်ပိုပြီး တိုးချဲ့ ဆောင်ရွက်နိုင်အောင်၊ ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်အောင် ကျွန်မတို့ ကြိုးစားနေပါတယ်။

“ဒီနေရာမှာ ကျွန်မတို့အစိုးရ တာဝန်ရယူခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ မိုးစပါးအတွက် တစ်ဧကကို ယခင် တစ်သိန်းကနေ တစ်သိန်းခွဲနှုန်းတိုးမြှင့်ပြီး ထုတ်ပေးသလို ယမန်နှစ်က စတင်ပြီးတော့ ဆန်စပါးမဟုတ်တဲ့ အခြားသီးနှံတွေအတွက် ယခင် ကျပ် ငါးသောင်းနှုန်းကနေ တစ်သိန်းနှုန်းအထိ တိုးမြှင့်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တမ်း ကျတော့ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေအတွက် ပြည့်စုံလုံလောက်ဦးမှာ မဟုတ်သေးပါဘူး။ ဆက်လက်ပြီးတော့လည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးအခြေအနေ အပေါ်မူတည်ပြီး စိုက်ပျိုးစရိတ်ချေးငွေတွေကို တိုးမြှင့်ထုတ်ပေးသွားနိုင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားချင်ပါတယ်။

“ဒီနေရာမှာ ကျွန်မအနေနဲ့ ပုဂ္ဂလိကဘဏ်ကြီးတွေကိုအထူးပဲ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။ လယ်ယာကဏ္ဍအတွက်၊ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီး တွေအတွက် လိုအပ်တဲ့ နှစ်တိုနှစ်ရှည်ချေးငွေတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တတ်နိုင်သမျှ ဦးစားပေးပြီးတော့ ထုတ်ချေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပုဂ္ဂလိက ဘဏ်ကြီးတွေ ဘက်ကလည်း ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီတဲ့ လယ်ယာစီးပွားရေး လုပ်ငန်းတွေကို ချေးငွေတွေ ထုတ်ပေးနိုင်မယ်ဆိုရင် နိုင်ငံပိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်လိုမျိုးပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ယှဉ်ပြိုင်မှုကို အားပေးပါတယ်။ မျှတတဲ့ ယှဉ်ပြိုင်မှု၊ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှု၊ ကျွန်မတို့ ပြည်သူတွေ အကျိုးရှိစေမယ့် ယှဉ်ပြိုင်မှု မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံပိုင်ဘဏ်တွေကလည်း ပုဂ္ဂလိကဘဏ်တွေနဲ့ ယှဉ်ပြိုင်နိုင်ရမယ်၊ နိုင်ငံခြားဘဏ်တွေနဲ့လည်း ယှဉ်ပြိုင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ရှိလာမယ်ဆိုရင် တောင်သူလယ်သမားတွေ အပါအဝင် ကျွန်မတို့ ပြည်သူ တစ်ရပ်လုံး အကျိုးရှိစေမှာဖြစ်ပါတယ်။

ကျွန်မတို့ တောင်သူလယ်သမားကြီးတွေကလည်း ကိုယ့်နိုင်ငံအတွင်းမှာယှဉ်ပြိုင်နေ ရမှာမဟုတ်ဘူး။ ကမ္ဘာ့နဲ့ချီပြီးယှဉ်ပြိုင် နေရတယ်ဆိုတာ သတိပြုစေချင်ပါတယ်။အခုခေတ် ကကိုယ့်နိုင်ငံအတွင်းမှာပဲ ကြိုက်သလိုနေလို့မရပါဘူး။ တစ်ခြား နိုင်ငံတွေရဲ့အခြေအနေကို ကျွန်မတို့ကြည့်ရပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြိုင်နေရတဲ့ခေတ်ကြီးမှာ ရုန်းကန်နေရတာ၊ တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြိုင်ပြီးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေရတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ သူ့အချိန်နဲ့သူရှိပါတယ်။ အရှေ့တောင်အာရှအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကောင်းတဲ့ အချိန်တုန်းက မမီလိုက်တဲ့အခါမှာ အခုမှကြိုးစားအားထုတ်ပြီး လိုက်နေရတာဖြစ်ပါ တယ်။ သို့သော်ငြားလည်း ဒီလိုကြိုးစားပြီးလိုက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံဟာ အရှေ့တောင် အာရှထဲမှာ ဖွံ့ဖြိုးမှုနှုန်းအမြန်ဆုံးနိုင်ငံဖြစ်မယ်ဆိုပြီး ကမ္ဘာ့စီးပွားရေးအဖွဲ့အစည်းတွေ က သတ်မှတ်ထားပါတယ်။ ဒါသည် ကျွန်မတို့အတွက် အားတက်စရာအချက်ဖြစ်သလို ကျွန်မတို့ကလည်း ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာကိုလည်း သတိပြုဖို့ လိုပါလိမ့်မယ်။ ငါတို့ကတော့ ဖွံ့ဖြိုးမှုနှုန်းအတိုးတက်ဆုံးနိုင်ငံဖြစ်ပြီဆိုပြီး အေးအေးဆေးဆေး လုပ်လို့မရပါဘူး။ အေးအေးဆေးဆေးပဲဆိုရင် အဲဒီနှုန်းက ပြန်ပြီးတော့ကျသွားမှာဖြစ်ပါတယ်။ အားလုံး ဝိုင်းပြီးကြိုးစားကြမှာသာ တိုးတက် မှုနှုန်းကို ထိန်းသိမ်းထားနိုင် မှာဖြစ်ပါတယ်။ ကျွန်မတို့ တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြိုင်နေရတယ်ဆိုတဲ့ အသိလေးနဲ့ တောင်သူ လယ်သမား ကြီးတွေဘက် ကရော၊ ဘဏ်တွေဘက်ကရော၊ လုပ်ငန်းရှင်တွေဘက်ကရော အားလုံးကိုယ်စား ပြောချင် ပါတယ်။

ပြည်ပရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဖိတ်ခေါ်

“မကြာသေးခင်ကပဲ ကျွန်မတို့အစိုးရအနေနဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ကျွန်မတို့ရဲ့ လယ်ယာကဏ္ဍမှာ ဝင်ရောက်ပြီး ဝယ်ယူတင်ပို့ရောင်းချနိုင်ဖို့ မူဝါဒတွေ ခွင့်ပြုပေးခဲ့ပါတယ်။ အဓိကအားဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ လယ်ယာ ထွက်ကုန်တွေ အတွက် ဈေးကွက်တိုးချဲ့ပြီး လမ်းဖွင့်ပေးတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကျွန်မတို့ရဲ့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေအနေနဲ့ စိုးရိမ်ပူပန်စိတ်တွေ မဖြစ်စေလို ပါဘူး။ မျှတတဲ့ယှဉ်ပြိုင်မှုအတွက် အားလုံးက လုံ့လ၊ ဝီရိယ၊ ပညာ၊ သတ္တိတွေ စိုက်ထုတ်ပြီး ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဖက်လို့ မမြင်ဘဲ မိတ်ဖက်လို သဘောထား ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတကာအတွေ့အကြုံတွေ၊ ကျွန်မတို့ မလုပ်နိုင် သေးတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံတကာ လုပ်ငန်းရှင် တွေဆီကနေ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာနဲ့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း လယ်ယာကဏ္ဍအတွက် တိုးမြှင့်ဖိတ်ခေါ် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။

စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး

“လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားကြီးတွေကို တွေ့ဆုံခွင့် ရခိုက်မှာ ကျွန်မအနေနဲ့ အထူး မေတ္တာရပ်ခံလိုတာကတော့ စားနပ်ရိက္ခာ ဘေးကင်း လုံခြုံရေးပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း လယ်ယာကဏ္ဍဟာ ကျွန်မတို့နိုင်ငံရဲ့ အဓိက အခြေခံဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေဟာ ဂုဏ်သတင်း ကောင်း၊ နာမည်ကောင်းတွေ ရှိခဲ့ပါတယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ဘေးကင်း လုံခြုံတဲ့ စားနပ်ရိက္ခာတွေကို ပိုမိုပြီး တောင်းဆိုလာကြပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီး တွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓါတုဆေးဝါးတွေကို မဖြစ်မနေ လိုအပ်မှသာ ချင့်ချိန်သုံးစွဲကြဖို့ တိုက်တွန်းလိုပါတယ်။

“ကျွန်မတို့က တစ်ကမ္ဘာလုံးနဲ့ ယှဉ်နေရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတ် မှတ်ထားတဲ့စံကို မီဖို့လိုပါတယ်။ ဖွံ့ဖြိုးပြီးကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ ကျန်းမာရေး အတွက် ဂရုစိုက်ပါတယ်။ သူတို့သုံးတဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီရဲ့ လားဆိုတာ အလေးထားပြီး လေ့လာပါတယ်။ ကျွန်မတို့နိုင်ငံက ထွက်တဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေဟာ ကမ္ဘာကသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကမ္ဘာ့စျေးကွက်မှာ ထဲထဲဝင်ဝင် တိုးဖို့ဆိုတာ ခက်သွားပါလိမ့်မယ်။ ရေရှည်ကိုကြည့်ပြီးတော့ အမြန်ဖြစ်နိုင်မယ့် အရာကိုပဲ မစဉ်းစားဘဲနဲ့ ပိုးသတ်ဆေးတွေ သုံးလိုက်တော့ မြန်မြန်ပိုး သေပေမယ့် အဲဒီရဲ့အကျိုးဆက်က ကိုယ့်ရဲ့ထွက်ကုန်တွေကို ရသင့်သလောက် စျေးလည်း မရဘူး။ ရောင်းလို့ရနိုင်တဲ့အဆင့်ထိလည်း ရောင်းလို့မရဘူး ဖြစ်သွားမှာဖြစ်ပါတယ်။ ရေတိုကို မကြည့်ပါနဲ့၊ ရေရှည်ကို ကြည့်ပြီးတော့ ပိုမိုအပင်ပန်းခံပြီးတော့ ကမ္ဘာ့စံနှုန်းနဲ့ ကိုက်ညီမယ့် စားသောက်ကုန်တွေ ထွက်ဖို့ကိုအလေးထားစေချင် ပါတယ်။

“မလိုအပ်ဘဲ ဓါတုဆေးဝါးတွေ အလွန်အကျွံသုံးစွဲရင် ကျွန်မနိုင်ငံက လယ်ယာ ထွက်ကုန်တွေဟာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်မှာနာမည် ဂုဏ်သတင်းထိခိုက်စေမှာ ဖြစ်ပါတယ်။ ကုန်သွယ်မှုမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာမှာပဲ ဖြစ်ဖြစ် ယုံကြည်မှုနဲ့ စိတ်ချနိုင်မှုက အထူးပဲ အရေးကြီးပါတယ်။ ယုံကြည်မှု ပျက်စီးသွားပြီ၊ စိတ်ချ နိုင်မှုမရှိတော့ဘူးဆိုရင် ပျက်စီးသွားတဲ့ နာမည်၊ ဂုဏ်သတင်းကို ပြန်ပြီး တည်ဆောက် ရတာ အင်မတန်ခက်ခဲပါတယ်။ ကျွန်မတို့ စားသုံးသူတွေရဲ့ မျှော်မှန်းချက်၊ စားသုံးသူတွေရဲ့ ကျန်းမာရေးကိုလည်း ထုတ်လုပ်သူဖြစ်တဲ့ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေက တာဝန်ယူ၊ တာဝန်ခံပေးဖို့ လိုအပ်ပါတယ်။ တောင်သူလယ်သမား များအတွက် ထိရောက်တဲ့ ဝန်ကြီးဌာနဖြစ်ရေး “ကျွန်မတို့ရဲ့ ကျေးလက်ဒေသ တောင်သူလယ်သမားအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ဒွန်တွဲပြီး လုပ်ဆောင်နေကြပါတယ်။ ရှေးမိရိုးဖလာ အစဉ်အလာအရလည်း ဒွန်တွဲပြီး လုပ်ကိုင်ခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် စိုက်ပျိုးရေး ဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာန ဆိုပြီးသက်သက်စီ ရှိခဲ့ပါတယ်။ လက်ရှိ ကာလမှာတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ပူးတွဲပြီး ဖွဲ့ထားပါတယ်။ ကျေးလက် နေတောင်သူတွေရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လိုအပ်ချက်တွေအတွက် ဝန်ကြီးဌာန တစ်ခုတည်းကနေ တာဝန် ယူပြီး ထိထိရောက်ရောက် စုစုစည်းစည်း လုပ်ကိုင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သမဝါယမကဏ္ဍပါ ပါဝင်တဲ့အတွက် ကျေးလက်တောင်သူတွေ စုပေါင်းလုပ်ဆောင်နိုင်မယ့် (၂၁)ရာစုနဲ့ ကိုက်ညီတဲ့ သမဝါယမ စနစ်ကို ကျေးလက်ဒေသ တွေမှာ စနစ်တကျ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

“မွေးမြူရေးနဲ့ ပတ်သက်ရင် အာဖရိက ဝက်တုပ်ကွေးရောဂါ (Africa Swine Flu)ကို သတိထားရဖို့ အခြေအနေမှာ ရှိနေပါတယ်။ အာဆီယံနိုင်ငံအချို့မှာ ဒီကပ်ဘေးဟာ ထိခိုက်မှု အလွန်ပဲ ကျယ်ပြန့်နေပါတယ်။ ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေ အနေနဲ့လည်း ဝက်မွေးမြူရေးကို အများအပြား လုပ်နေကြတော့ ဒီကိစ္စအပေါ်မှာ အထူး သတိထားပြီး ကာကွယ်မှုတွေ ကြိုတင်လုပ်ဆောင်ထားဖို့ အရေးကြီးပါတယ်။ ဝန်ကြီး ဌာနနဲ့ တိုင်းဒေသကြီး အစိုးရကလည်း ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေကို စနစ်တကျ ပညာပေးဖို့နဲ့ လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက်ထားဖို့ အရေးကြီးတဲ့ အတွက် အထူးမှာကြားလိုပါတယ်။ ဒီလိုမျိုး နိုင်ငံဖြတ်ကျော်ပြီး ကူးစက်မှုတွေ မဖြစ် အောင် ကြိုတင် သတိပေးချက်တွေ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့၊ သတိပြုသင့်တဲ့ အခြေအနေတွေကို မျှဝေပေးဖို့ လိုအပ်ပါတယ်။
လယ်ယာ အခြေခံအရင်းအမြစ်များ တိုးတက်ရေး

“လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ စီမံကိန်းတွေ၊ ကျေးလက်လမ်းပန်း ဆက်သွယ်ရေး အပါအဝင် လိုအပ်တဲ့ သိုလှောင်ရုံတွေ၊ အခြောက်ခံစက်တွေ၊ မျိုးကောင်းမျိုးသန့်ရရှိရေးတွေ၊ ဈေးကွက်ရရှိရေးတွေဟာ အမြဲကြိုးပမ်းနေမယ့် လုပ်ငန်း တွေပဲဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ တောင်သူလယ်သမားတွေအတွက် လိုအပ်တဲ့ ကုန်ထုတ် လမ်းတွေ၊ နည်းပညာ တွေနဲ့ အခြားအရင်းအမြစ်တွေ တိုးတက်လာရေးကို အစိုးရပိုင်းက တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်နေသလိုပါပဲ၊ ဒီနေ့ကမ္ဘာကြီးနဲ့ ကမ္ဘာ့ စျေးကွက်၊ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးတွေဟာနေ့စဉ် ပြောင်းလဲနေတာဖြစ်လို့ ဒါတွေကို မျက်ခြေမပြတ် လေ့လာပြီး ကျွန်မတို့ရဲ့ တောင်သူလယ်သမားကြီးတွေ အနေနဲ့ နိုင်ငံတော် အစိုးရနဲ့ အတူပူးပေါင်းပြီး ကြိုးပမ်းပေးပါလို့ အထူးမေတ္တာရပ်ခံလိုပါတယ်။

“ဒီကနေ့ ဒီနေရာကို ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းများရဲ့ တင်ပြချက် တွေကို အလေးအနက်ထားမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍနဲ့ အဓိကသက်ဆိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူ တွေလည်း ရောက်ရှိနေကြတာကြောင့် ပါဝင်ဆွေးနွေးဖြေကြားပေးကြမှာ ဖြစ်ပါတယ်။”

အားလုံးကို ကျေးဇူးတင်ပါတယ်ဟု ပြောကြားသည်။

ထို့နောက် အစုအဖွဲ့အသီးသီးမှ ဒေသခံတောင်သူလယ်သမား ကိုယ်စားလှယ် ၄ ဦးဖြစ်ကြသည့် ဇလွန်မြို့နယ်မှ တောင်သူ ဒေါ်သန်းသန်းဦး တင်ပြသည့် လယ်ယာလုပ် သားများ ရှားပါးလာပြီး သီနှံများ ပိုးမွှားကျရောက်မှုများရှိနေသဖြင့် မြို့နယ်များအတွက် ဆေးဖျန်း စက်များ ဆောင်ရွက်ပေးရန်၊ သီးနှံပေါ်ချိန်တွင် စျေးနှုန်းများ ကျဆင်းနေ သည့်အတွက် စျေးနှုန်းတစ်ခုသတ်မှတ်ပေးပြီး ဝယ်ယူနိုင်သည့် အကျိုးတူလယ်ယာ စနစ်လုပ်ဆောင် နေသည့် အသင်းအဖွဲ့များကို မြို့နယ်တိုင်းတွင် ရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ မြေသြဇာကို စျေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေး ရန်၊ သီးနှံပြောင်းလဲ စိုက်ပျိုးမှုကို ခရိုင်၊ မြို့နယ်အဆင့်တွင် ပြီးပြတ်အောင် ဆောင်ရွက် ပေးရန်၊ စပါးစိုက်ဧက ၅၀၀၀ ကျော်ကို အကျိုးပြုသည့် တိမ်ကောနေသော အင်းကော မြောင်းကို အမြန်ဆုံး တူးဖော်ပေးရန်၊ တစ်နှစ်တစ်ခါ ဝါးဖြင့် ဆောက်လုပ်နေရသည့် ချောင်းကူးတံတားကို အမြန်ဆုံး အခိုင်အမာ တည်ဆောက်ပေးရန် စသည့်ကိစ္စရပ် များကိုလည်းကောင်း။

ဆီဆုံကုန်းကျေးရွာမှ တောင်သူ ဦးလှနိုင်စိုးတင်ပြသည့် မျိုးကောင်းမျိုးသန့် စပါး စျေးနှင့် အရည်အသွေးမြင့် စပါးသီးနှံ စျေးကွက်တစ်ခု ဖော်ဆောင်ပေးမည့် အသင်းအဖွဲ့များနှင့် ကုမ္ပဏီများအား ကျေးရွာများအရောက်စေလွှတ်ပေးရန်၊ သီးနှံစျေးနှုန်းများကို မစိုက်ပျိုးမီ သတ်မှတ်ကြေညာပေးရန်၊ စိုက်ဘဏ်ချေးငွေ ချေးယူခွင့်မရသည့် လယ်သမားများ အား အတိုးနှုန်းသက်သာစွာဖြင့် ပုဂ္ဂလိကဘဏ်များမှ ချေးယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးစရိတ်ချေးငွေကို လုံလောက်စွာ ထုတ်ချေးပေးရန်၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ကျေးရွာသစ်စီမံကိန်းကဲ့သို့ ပြောင်းလဲ ဆောင် ရွက်ပေးရန် ကိစ္စရပ် များကိုလည်းကောင်း။

လှေဆွဲကျေးရွာမှ တောင်သူ ဦးတိုးတိုးဝင်းတင်ပြသည့် ပြည်ပစျေးကွက်ဝင် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများလက်ဝယ်သို့ အချိန်မီဖြန့်ဖြူးပေးရန်နှင့် စိုက်ပျိုးသင့်သည့်မျိုးကို အချိန်မီကြေညာပေးရန်၊ စိုက်ပျိုး ရေးဦးစီးဌာနက မစိုက်ပျိုးမီ မြေဆီလွှာတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ပေးရန်၊ တောင်သူလယ်သမားများ လက်ဝယ်သို့ မျိုးကောင်းမျိုးသန့်၊ နည်းပညာနှင့် အရင်းအနှီး မြန်မြန် ဆန်ဆန်ရောက်ရှိအောင် ဆောင်ရွက်ပေးရန်၊ ဧကကွက်များနှင့် အဆင့်မြင့် လယ်ယာများ ဖော်ထုတ်ပေးရန်၊ ကုန်ထုတ်လမ်းများ ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်က စိုက်ပျိုးရေးဝန်ထမ်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေး ဆေးများအတွက် သွင်း အားစု အသုံးစရိတ်များ မြင့်မားနေသည့်အတွက် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတော်က ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးရန်၊ လယ်ယာမြေသီးနှံများတွင် ပိုးမွှားရောဂါကျ ရောက်လာပါက အချိန်မီ ကာကွယ် နိုင်ရေးအတွက် ကောင်းကင်ဆေးဖျန်းစက်များအား စျေးနှုန်းသက်သာစွာဖြင့်ဌာနမှ ဖြစ်စေ၊ ပုဂ္ဂလိကမှဖြစ်စေ ငှားရမ်း အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ စပါးတင်ပို့ရောင်းချခွင့်အား လုံးလုံးပိတ်ပင်ထားခြင်းမျိုး မဟုတ်ဘဲ ဝယ်ယူသူ ရှိပါက ရောင်းချခွင့်ပေးရန်ကိစ္စရပ်များကိုလည်းကောင်း။

ရွာသစ်တောင်ကျေးရွာမှ ဦးလှရွှေတင်ပြသည့် ဆန်စက်ပိုင်များအနေဖြင့် စပါး အရည်အသွေး ကောင်းမွန်စေရန်နှင့် လယ်သမားများထံမှ စပါးများ ပိုမိုဝယ်ယူ ထိန်းသိမ်းထားရန်အတွက် သိုလှောင်ရုံများ၊ ခေတ်မီအခြောက်ခံစက်များ တိုးချဲ့ ဆောင်ရွက်ရန်အတွက် အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေ စီစဉ်ပေးရန်၊ တရုတ်နိုင်ငံစျေးကွက်၊ အိန္ဒိယ စျေးကွက်အပြင် အခြားအိမ်နီးချင်းနိုင်ငံ စျေးကွက်များမှ စျေးကွက် ဝေစုရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ပေးရန်၊ စပါးပေါ် ချိန်တွင် ကာလတိုချေးငွေ စီစဉ်ပေးရန်၊ နိုင်ငံတော်အစိုးရ အနေဖြင့် SME လုပ်ငန်းများအား ကူညီပေးရန် ကိစ္စရပ်များကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိ သူများက ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများနှင့် အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက် ရှင်းလင်းသည်။

ထို့နောက် ဆွေးနွေးတင်ပြရန် စာရင်းပေးထားသည့် ၂၅ ဦးအနက်မှ မဲပေါက်သူ ၃ ဦးဖြစ်သည့် ပကွန်ကျေးရွာမှ တောင်သူ ဦးမောင်စိုး၏ တောင်သူလယ်သမားများအား နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးနိုင်ရန်ကိစ္စရပ်ကိုလည်းကောင်း၊ ရေကြည် မြို့နယ်မှ လုပ်ငန်းရှင် ဦးစိုးနိုင်၏ လယ်ယာမြေပေါင်နှံခွင့်နှင့် လယ်ယာမြေ၏ တန်ဖိုး ၃၀ ရာခိုင်နှုန်းအထိ ချေးယူ ပေါင်နှံခွင့်ရရှိရေး ကိစ္စရပ်ကိုလည်းကောင်း၊ ကျုံပျော်မြို့နယ်မှ တောင်သူ ဦးစိုးတင့်၏ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ကျုံပျော်၊ ပန်းတနော် မြို့နယ် ၅ မြို့ နယ်အား ဖြတ်သန်းစီးဆင်းသည့် ဗောဓိချောင်းရိုးကြီးသည် နွေရာသီတွင် ရေခမ်း ခြောက်နေ သည့်အတွက် ဒေသခံများ အခက်အခဲကြုံတွေ့နေရမှုနှင့် ချောင်းရိုးအတွင်း ရေမခမ်းခြောက်အောင် ဆောင်ရွက်ပေးရန် ကိစ္စရပ်ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဖြေကြားကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် “ကျွန်မအားလုံးခြုံငုံပြီး ပြောရမယ်ဆိုရင် အဓိကလိုအပ်ချက်ကတော့ တောင်သူလယ် သမားကြီးများနဲ့ အစိုးရအကြားမှာ ထိတွေ့မှုလိုတယ်လို့ မြင်ပါတယ်။ တောင်သူ လယ်သမားကြီးများ၊ အစိုးရနဲ့ လုပ်ငန်းရှင်များ ဒီဆွေးနွေးပွဲမှာ အားလုံးပါလာပါတယ်။ တောင်သူ လယ်သမားကြီးတွေဘက်ကလည်း အများစုပါလာတယ်။ လုပ်ငန်းရှင်တွေ လည်းပါလာတယ်။ အစိုးရဘက်ကလည်း ပါတယ်။ ဒီလိုတွေ့ဆုံမှုမျိုးဆိုတာ တစ်ခါ တစ်ခါတွေ့ဆုံရုံနဲ့မပြီးပါဘူး။ တစ်ချိန်လုံး ဆက်သွယ်မှုရှိနေဖို့လည်း လိုပါတယ်။ အဓိက တာဝန်ကတော့ တိုင်းအစိုးရမှာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု အစိုးရအဆင့်က တစ်ချိ်န်လုံး ဆင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်တိုင်းပြည်လုံးကို မျှပြီးတော့ လုပ်ရပါတယ်။ ဧရာဝတီတိုင်းတစ်ခုတည်းအတွက်တင် မဟုတ်ဘူး၊ အခြားတိုင်းနဲ့ပြည်နယ် (၁၃)ခုအတွက်ပါ လုပ်ရတာဖြစ်ပါတယ်။ ကျွန်မဆော်သြချင်တာကတော့ အထူူးသဖြင့် ဧရာဝတီလို စိုက်ပျိုးမွေးမြူရေးကို အားကိုးအခြေခံနေရတဲ့ တိုင်းတစ်ခုမှာ ဆိုရင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းအစိုးရရဲ့ အုပ်ချုပ်မှုဆိုင်ရာမှာ ရှိနေတဲ့ ဝန်ထမ်းများဟာ တောင်သူလယ်သမားအရေးတွေနဲ့ ပတ်သက်လို့ အမြဲထိတွေ့မှု ရှိနေဖို့ လိုပါတယ်။ တစ်ချို့မေးသွားတဲ့ ကိစ္စတွေမှာ ဒေါက်တာအောင်သူ ပြန်ဖြေတာ၊ ဦးမောင်မောင်ဝင်းတို့ ပြန်ဖြေတာမှာဆိုရင် တောင်သူလယ်သမား တစ်ချို့က သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေကို တိတိကျကျ မသိတာ လည်း ပါပါတယ်။ အဲဒါတွေကို သိအောင် လုပ်ပေးဖို့ဆိုတာဟာ အစိုးရမှာ တာဝန်ရှိ ပါတယ်။ ဗဟို အစိုးရထက် တိုင်းအစိုးရကနေ ကွင်းဆင်းထိတွေ့ပြီးတော့ ဒါလုပ်ချင်ရင် ဒီအဆင့်တွေကို ဖြတ်သန်းရမယ်ဆိုပြီးတော့ ရှင်းပြပေးဖို့လိုပါတယ်။
“နောက်တစ်ခုကလည်း တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဗဟိုအစိုးရကနေပြီးတော့ မသိဘူးဆိုရင် ဗဟိုအစိုးရဆီရောက်အောင် တင်ပြရမှာက တိုင်းအစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ တိုင်း၊ ပြည်နယ်အစိုးရတွေက တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင် ဗဟိုအစိုးရနဲ့ ပြည်သူလူထုတွေကြားမှာ ရှိနေတဲ့ တံတားတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ခြုံငုံပြီးတော့ အကြံပြုချင်တာက တိုင်းအစိုးရ အဖွဲ့ဝင်များနဲ့ တိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးယန္တယားက ဝန်ထမ်းများဟာ တောင်သူလယ်သမားများနဲ့ ပုံမှန်ထိတွေ့မှုရှိအောင် လုပ်ကြပါ၊ ကွင်းဆင်းပါ၊ လယ်သမားကြီးများဆီရောက်အောင် သွားပါ၊ ဒါမှမဟုတ် တစ်နေရာမှာ စုပြီးတော့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါ။ အခု ဓနုဖြူမှာဆိုပေမယ့်လည်း နေရာ တော်တော်များများက လာတယ်ဆိုတော့ အားလုံးက နေပြီးတော့ အသေးစိတ် ကိုယ့်ရဲ့ဒေသမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေလိုအပ်ချက် တွေရှိနေတယ်ဆိုတာ တင်ပြနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့ကလည်း ဒီလိုကန့်သတ် ထားတဲ့ အချိန်အတွင်းမှာ အားလုံးကို ပြည့်ပြည့်ဝ၀ ဖြည့်ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်ချိန်လုံးထိတွေ့နေဖို့ကတော့ အင်မတန်မှ အရေးကြီးပါတယ်။

“နောက်ပြီးတော့ တောင်သူလယ်သမားကြီးများအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ရအောင်ယူကြပါ။ ကိုယ့်မှာ တယ်လီဖုန်းတစ်ခုရှိတယ်ဆိုရင် လုပ်လို့ရပါတယ်။ အဲဒါကို ၀ါယမစိုက်ထုတ်ပြီးတော့ လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို လုပ်လိုက်ရင် ကိုယ့်ရဲ့ အသိအမြင်တွေ လည်း အများကြီးကျယ်ပြန့်သွားမယ်။ နောက်ပြီးတော့ ပြဿနာလို့ မြင်နေတဲ့ကိစ္စတွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲ ဆိုတဲ့ အဖြေကိုလည်း ရသွားမှာဖြစ်ပါတယ်။

“နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ကို ဒီလိုလာရောက်တွေ့ဆုံတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံလို့ ကျွန်မ ပြောသွားပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဆိုတော့ တစ်ချို့တွေက ဒါကို အထင်သေးကြတယ်။ စက်မှုလက်မှုကို အားကိုးတဲ့နိုင်ငံတွေကသာ ဖွံ့ဖြိုးတယ်၊ တိုးတက်တယ်၊ ရှေ့ရောက်တယ်လို့ ထင်နေကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ကမ္ဘာ ပေါ်မှာ အချမ်းသာဆုံး နိုင်ငံတစ်ချို့ဆိုရင် စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလက်မှု တိုးတက်တဲ့နိုင်ငံဖြစ်ပါတယ်။ သူတို့ အခြေခံကစိုက်ပျိုးရေး၊ စိုက်ပျိုးရေးကုန်ပစ္စည်း တွေကို သူတို့ကနေပြီး တော့ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးတော့ တန်ဖိုးတက်လာအောင် လုပ်ပြီးတော့ အဲဒီကနေ ဖွံ့ဖြိုး တိုးတက်တာပါ။

“ကျွန်မတို့နိုင်ငံကို ဒီလိုနိုင်ငံဖြစ်နိုင်မလားလို့ မကြာခဏ စဉ်းစားပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အခုခေတ်မှာ ကမ္ဘာ့ရဲ့ လိုအပ်ချက်ကြီးတစ်ခုက စားနပ်ရိက္ခာ ဖူလုံရေးပါ။ အားလုံးက ဒါကို စိုးရိမ်လာကြပါတယ်။ စားနပ်ရိက္ခာဖူလုံကြပါ့မလား၊ တိုးတက်ဖွံ့ဖြိုးပါ တယ်ဆိုတဲ့ နိုင်ငံတွေ တော်တော်များများမှာ သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍက အင်မတန််မှ ကျဆင်းလာတယ်။ ကျဆင်းလာတဲ့အခါကျတော့ အစားအစာကို တခြားနိုင်ငံတွေက နေပြီးတော့ တင်သွင်းရတယ်၊ ပြောရမယ်ဆိုရင် ကျွန်မတို့လို စိုက်ပျိုးရေးကို အခြေခံပြီး တော့ အစားအစာထုတ်တဲ့ နိုင်ငံတွေဘက်ကို လှည့်ရမှာပဲဖြစ် ပါတယ်။

“အဲဒီတော့ ကျွန်မတို့က ကမ္ဘာ့ရဲ့ အခြေအနေတွေကို ကြည့်ပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရော၊ တစ်ကမ္ဘာလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရေးရော နှစ်ခုအတွက် ကျွန်မတို့အကျိုးအတွက်ရော၊ အများ အကျိုးအတွက်ရော ကြည့်ပြီးတော့ လုပ်သွားနိုင်မယ်ဆိုရင် တောင်သူလယ်သမားကြီးတွေ အတွက်တင်မကဘဲ ကျွန်မတို့နိုင်ငံအတွက် အများကြီးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

“ဒါကြောင့်မို့ ကျွန်မတို့ တောင်သူလယ်သမားကြီးတွေဟာ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ လုပ်ကြပါ။ ပြဿနာရှိရင် သက်ဆိုင်ရာဌာနတွေကို အသိပေးပါ။ ဘာမှ မပြောဘဲနဲ့တော့ ဘာအဖြေမှ ရမှာမဟုတ်ပါဘူး။ ပြောစရာရှိရင်ပြောပါ၊ တိုင်းအစိုးရနဲ့ တိုင်းအုပ်ချုပ်ရေးဌာနတွေက ကွင်းဆင်းပါ၊ တောင်သူလယ်သမားကြီးတွေနဲ့ ထိတွေ့မှု အမြဲရှိစေချင် ပါတယ်။ နောက်ပြီးတော့ မကြာခဏ ဆွေးနွေးပွဲတွေ လုပ်စေချင်ပါတယ်။ အဲဒီလိုလုပ်မှ တစ်ဖက်ကစကားကို တစ်ဖက်က ကြားရမှာဖြစ်ပါတယ်။ အဲဒီတော့မှ ရှိတဲ့ပြဿနာတွေကို အမြန်ဆုံးအတူတူ ပူးတွဲပြီးတော့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်သူလယ်သမားများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။

ယနေ့တွေ့ဆုံပွဲ အခမ်းအနားသို့ ဒေသခံ တောင်သူလယ်သမား (၁၉၆၃) ဦး၊ ဒေသခံ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် (၄၀၀) ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ဧည့်သည်တော်များ (၁၁၂) ဦး၊ စုစုပေါင်း (၂၄၇၅)ဦး တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဓနုဖြူမြို့မှ ပြန်လည်ထွက်ခွာကြပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

Ref; Myanmar State Counsellor Office