“ ပဲပုပ် သီးနှံဟာ နိုင်ငံခြားဝင်ငွေကို လယ်ယာသီးနှံပို့ကုန်များအနက် ဝင်ငွေ များစွာ ရှာဖွေွပေးလျက်ရှိတဲ့သီးနှံဖြစ်၍ နိုင်ငံခြားတင်ပို့တဲ့အခါ အရည်အသွေး ကောင်းမွန်ရန် မျိုးကောင်း/မျိုးသန့်များ သုံးဖို့၊ သွင်းအားစုများ အချိုးကိုက်၊ အချိန်မှန် သုံးဖို့၊ မရိတ်သိမ်းခင်နဲ့ ရိတ်သိမ်းပြီးမှာ ဆောင်ရွက်ရမဲ့ အချက်များ တိကျစွာ လိုက်နာဖို့နဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ကိုလည်း လိုက်နာ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်သည့် ပဲပုပ်ကုန်စည် တန်ဖိုးမြင့် ဈေးကွက် ချိတ်ဆက် စီမံကိန်း၏ စီမံကိန်းလွန် ကာလလုပ်ငန်းစဉ်များ ညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
ပဲပုပ်ကုန်စည် တန်ဖိုးမြင့်ဈေးကွက်ချိတ်ဆက် စီမံကိန်း၏ စီမံကိန်းလွန် ကာလလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား သို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Winrock International and USAID အဖွဲ့ဝင်များ၊ တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ပဲပုပ်ထုတ်လုပ်မှု နည်းပညာများအား တောင်သူငယ်များ လက်ဝယ်အရောက် ပြန့်ပွားစေခြင်း ဖြင့် အရည်အသွေးကောင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု စနစ်တိုးတက် လာစေရန် နှင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ် သူများအား တန်ဖိုးမြင့်စျေးကွက်တစ်ခု ချိတ်ဆက်ဖြစ်ပေါ်လာစေရန် ဘက်စုံ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ၏ ၂၀၁၇- ၂၀၁၈ ခုနှစ် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး(GDP)၏ (၂၅.၇)ရာခိုင်နှုန်း၊ စုစုပေါင်းနိုင်ငံခြားဝင်ငွေ၏ (၂၄.၄) ရာခိုင်နှုန်း နှင့် အလုပ်အကိုင်အခွင့်အလမ်း (၆၁.၂) ရာခိုင်နှုန်းကို (လယ်ယာ၊ သားငါး၊ သစ်တော) အပါအဝင် Agriculture Sector မှ ရရှိခဲ့ကြောင်း၊ စပါးသီးနှံပြီးပါက ဒုတိယအစိုက်အများဆုံးသီးနှံဖြစ်သည့် ပဲမျိုးစုံသီးနှံသည် စုစုပေါင်း စိုက်ဧရိယာ၏(၂၂) ရာခိုင်နှုန်းရှိကာ နိုင်ငံခြားဝင်ငွေ(၄၀) ရာခိုင်နှုန်းကျော် ရှာဖွေပေးနိုင်သည့် သီးနှံဖြစ်ပြီး ပဲအမျိုးပေါင်း (၄၀)ကျော် ရှိသည့်အနက် (၁၉) မျိုးကိုတော့ အဓိက ထား စိုက်ပျိုးလျက်ရှိကြောင်း။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲလွမ်း မျိုးများသည် ပဲမျိုးစုံစုစုပေါင်း စိုက်ဧက၏ (၈၀)ရာခိုင်နှုန်း ဖြစ်ပြီး စစ်ကိုင်း၊ မန္တလေးနှင့် မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုး ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ်မှာ စိုက်ဧက (၃) သိန်းကျော်ရှိသည့် ပဲပုပ်သီးနှံကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်တို့တွင် မိုးသီးနှံ နှင့် ဆောင်းသီးနှံများအဖြစ် ရာသီနှစ်မျိုးလုံးတွင် စိုက်ပျိုးကြသည်။
ပဲပုပ်သီးနှံ ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အရည်အသွေးကောင်း မျိုးများ၊ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးသွင်းအားစုများနှင့် ရိတ်သိမ်းချိန်လွန် ပံ့ပိုးပစ္စည်းများ လုံလောက်မှု ရှိရန် လိုအပ်လျက်ရှိရာ အစိုးရ၊ ပုဂ္ဂလိကနှင့် NGOs, INGOs များ ပူးပေါင်း၍ မျိုးစေ့ထုတ်အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ် (Contract Farming) ဖော်ဆောင်ခြင်း နှင့် စမ်းသပ်ကွက်၊ စံပြကွက် များဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။
ပဲပုပ်သီးနှံတွင် အာဟာရဓာတ်အနေဖြင့် ပရိုတင်း(၃၆)%၊ အမျှင်ဓာတ် (၁၉)%၊ အဆီဓာတ်(၁၉)%၊ အစိုဓာတ်(၁၃)%၊ ကာဗိုဟိုက်ဒရိတ်(၉)%၊ ပြာဓာတ် (၄.၀)% တို့ပါဝင်ပြီး အာဟာရတန်ဖိုး မြင့်မားသည့် သီးနှံဖြစ်သည်။ ပဲပုပ်သီးနှံမှ တန်ဖိုးမြင့်ထုတ်ကုန်များအနေဖြင့် ပဲပုပ်ဆီ၊ ပဲပြား၊ ပဲနို့၊ ပဲပင် ပေါက်၊ ပဲမှုန့်၊ ပဲပုပ်စေ့လှော်၊ ပဲငပိ (အစို/အခြောက်)၊ အသားတု၊ တိရိစ္ဆာန်စာ (ကြက်၊ ငါး၊ ဝက်)၊ စက်မှုကုန်ကြမ်း ထွက်ကုန်အနေဖြင့် ဇီဝလောင်စာ၊ သုတ်ဆေး၊ ဆပ်ပြာ၊ ဖယောင်းတိုင် တို့ ထုတ်လုပ်ရရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပဲပုပ်ကို ပဲပြား၊ ပဲမှုန့်၊ ပဲပုပ်စေ့လှော်၊ ပဲငပိ(အစို/အခြောက်)အနေနှင့်သာ အဓိကအားဖြင့် တွေ့ရှိရပြီး ဆီပဲပုပ်ဆီ သည် စားအုန်းဆီ ဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးကြောင်း တွေ့နေရသည်။ တိရိစ္ဆာန်စာ ကြိတ်ဖတ်ရရှိရန်အတွက်မျှသာ ဆီစက်ရုံတွေထံ ပို့နေတာကို အနည်းငယ် တွေ့ရှိရသည်။
ယခုအခါ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်မှုများပြားလာခြင်း ကြောင့် တိရစ္ဆာန် အစားအစာအတွက် ဝယ်လိုအားများလာခြင်းနှင့် ပြည်တွင်း ဆီစားသုံးမှု များလာခြင်းတို့ကြောင့် စျေးကွက် ပြောင်းလဲမှုရှိလာတဲ့အတွက် ပဲပုပ်ဆီကို ပြည်ပမှ တင်သွင်းမှုကိုလျော့ချပြီး ပြည်တွင်း၌ ပိုမိုထုတ်လုပ်သင့် နေပြီဖြစ်သည်။
ယခုအခါ ပဲပုပ်တန်ဖိုးမြင့် ထုတ်ကုန်များ စားသုံးမှုများ မြင့်မားလာ လျက်ရှိပြီး မြန်မာနိုင်ငံ၏ ရာသီမရွေး ၊ ဒေသမရွေး၊ တောင်ပေါ်မြေပြန့် မရွေး စိုက်ပျိုးနိုင်သည့် ပဲပုပ်မျိုးများလည်း အသုံးပြုနိုင်ပြီဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ပုဂ္ဂလိက၊ တောင်သူနှင့် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။