သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

SMU ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းဝင် ကျေးရွာခေါင်းဆောင်များအား အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၂/၂၀၁၉)ဖွင့်လှစ် သင်တန်းပေး


​စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြန်မာဆယ်မာအူးလ်အွန်ဒုန်SMU စီမံကိန်းအရ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းတွင် ဆောင်ရွက်လျှက်ရှိသော ကျေးရွာခေါင်းဆောင်များ စာရင်းရေး စာရင်းကိုင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စနစ်တကျသိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၂/၂၀၁၉)ဖွင့်ပွဲကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအေးကိုကို၊ မြန်မာဆယ်မာအူးလ်အွန်ဒုန်စီမံကိန်းမန်နေဂျာ မစ္စတာ လီဆွန်ဝမ်၊ သင်တန်းကျောင်းတာဝန်ခံ ဒေါက်တာညီညီ၊ သင်တန်းနည်းပြများနှင့် နေပြည်တော်၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ကျေးရွာသစ်လှုပ်ရှားမှု SMU စီမံကိန်းဝင် ကျေးရွာ(၃၆)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၇၂)ဦးတို့တက်ရောက် ကြပါသည်။
​ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း၌ ပါဝင် ဆောင်ရွက်လျှက်ရှိကြသော ကျေးရွာများသည် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စံပြုထိုက်သော နမူနာစံပြကျေးရွာများအဖြစ် အောင်မြင်စွာရပ်တည် လျှက်ရှိနေကြောင်း၊ စီမံကိန်းမှဆောင်ရွက်နေသော လုပ်ငန်းစဉ်သုံးရပ်ဖြစ်သည့် လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ဝင်ငွေတိုးပွားရေးလုပ် ငန်းစဉ်များတွင် ဝင်ငွေတိုးပွားရေးလုပ်ငန်းစဉ်သည် အရေးကြီးဆုံးဖြစ်ပြီး ကျေးရွာများ တွင် ကျန်ရှိမည့်ရန်ပုံငွေများကိုလည်း ဆက်လက်တိုးပွားအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊ ကျေးရွာရန်ပုံငွေများကို စာရင်းဇယားများနှင့်တကွ စနစ်တကျ ထိန်း သိမ်းထားရမှာဖြစ်တဲ့အတွက် စာရင်းရေးခြင်းနှင့်စာရင်းကိုင်ခြင်းပညာရပ်များကို သေချာ စွာ လေ့လာကြရန်လိုအပ်ကြောင်း၊ ကျေးရွာဘဏ်တည်ထောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိရာ မူလဆောင်ရွက်စဉ်က ၁၃ ရွာဖြင့် စတင်ခဲ့ရာမှ ယခုအခါတွင် ကျေးရွာပေါင်း (၂၅)အထိ တိုးတက်လာခဲ့ကြောင်း၊ ငွေကြေးစီမံခန့်ခွဲမှုတွင် စာရင်းဇယား ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စနစ်ကျနရေးသည် အလွန်အရေးကြီးသည့်အတွက် စာရင်းဇယားများကို စနစ်တကျ ထိန်းသိမ်း ထားသိုခြင်း အတတ်ပညာကို ကြိုးစားလေ့လာကြရန် ပြောကြားသည်။

ထို့နောက် သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ က သင်တန်းသားများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် အသုံးချစာရင်းရေး၊ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၂/၂၀၁၉)သင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။