သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် သဘာဝဘေးသင့်ပြည်သူများအား ဆန်တန်ချိန် ၁၀တန် (40 Kg အိတ်-၂၅၀)ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)၏ အလိုအလျောက်ခလုတ်ဆွဲစနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၀တန် (40 Kg အိတ်-၂၅၀)အား ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် သဘာဝဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးအပ်     လှူဒါန်းပွဲကို သြဂုတ်လ (၁၈)ရက် နံနက်(၁၁)နာရီခွဲ  မြို့နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်၊ ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း နှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးအောင်ဇော်နိုင် က ရွှေကျင်မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ APTERR အစီအစဉ် အရ လှူဒါန်း ခြင်းအတွက် ကျေးဇူးအထူးတင်စကားပြောကြားသည်။

ဆက်လက်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အာဆီယံအပေါင်း(၃) အရေးပေါ်အရန် ဆန်ရိက္ခာ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ရေဘေးသင့်ပြည်သူများအား အရေးပေါ်အခြေအနေပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆက်လက်ကူညီပေးရန် အစီအစဉ်များ၊ ကိုရီးယားနိုင်ငံနှင့်ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်အရ ရွှေကျင်မြို့နယ် ၌ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးသုံးစွဲနိုင်ရေး အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် APTERR အစီအစဉ်အရ လှူဒါန်းသော ဆန်များအား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဝန်ကြီး ဦးအောင်ဇော်နိုင် က လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ရွှေကျင်မြို့နယ် တိုင်းဒေသကြီးအမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း တို့က ရေဘေးသင့်ပြည်သူများကိုယ်စား သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ  ထောက်ပံ့ပေးအပ် သည်။

ထို့နောက် ရေဘေးသင့် ဒေသခံပြည်သူများကိုယ်စား  ဦးမြင့်ခိုင် နှင့် ရွှေကျင်မြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်း တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။

အဆိုပါ အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)၏ အလို အလျောက်ခလုတ်ဆွဲ စနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၁၀တန် (အိတ်-၂၅၀)အား ရွှေကျင်မြို့နယ်ရေဘေးသင့် အိမ်ထောင်စုပေါင်း ၁၉၅၈ ရှိ လူဦးရေ ၉၅၈၀ ဦး အားအညီအမျှ ထောက်ပံ့လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။