နယ်သတင်းများ သတင်းကဏ္ဍ

စိုက်ပျိုးရေးဦးစီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)တို့ ပူးပေါင်း၍ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တို့ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် အိုးအိမ်မကွာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သော မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အောင်ချမ်းသာပရဟိတကျောင်းတိုက်တွင်  ဇွန်လ ၂၄ မှ ၂၇ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ဓနုဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှ နှင့် အိမ်မဲမြို့ နယ် ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင် တို့က ကြိုဆိုနှုတ်ခွန်းဆက် အမှားစကားပြောကြားကြပြီး မသန်စွမ်းသူများအသင်းဥက္ကဌ ဦးပြည့်စုံချစ် နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆင် တို့က အဖွင့်အမှာ စကားပြောကြားကြသည်။ ဆက်လက်၍ ကော်ဖီ-ရာသီသီးနှံဌာနခွဲ မှ သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်တင်စုလှိုင် က သင်တန်းပို့ချမည့် အစီအစဉ်များ ကိုရှင်းလင်းပြောကြားပြီး ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) အသင်းချုပ် ဥက္ကဌ ဦးမြတ်သူဝင်း က မှိုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မုဒိတာ စကားပြောကြားသည်။

မသန်စွမ်းသူများ၏ အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများဆိုင်ရာ အခွင့်အလမ်းများ လက်လှမ်းမီ၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ထူထောင်ထားသော ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) က မသန်စွမ်းသူများအတွက် အိုးအိမ်မကွာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သော မှိုမွေးမြူ စိုက်ပျိုးထုတ်လုပ်နည်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် စီမံချက် တွင် ဧရာဝတီ တိုင်းဒေသ ကြီးအတွင်း (၄)ကြိမ် ဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲထားပြီး ယခုသင်တန်းသည် ဒုတိယအကြိမ် ပို့ချခြင်းဖြစ်သည်။

သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ပညာရှင်ဝန်ထမ်း(၂) ဦး က စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချလျက်ရှိပြီး ဓနုဖြူမြို့နယ်အတွင်းရှိ မသန်စွမ်းသူ သင်တန်းသား/သင်တန်းသူ(၃၀)ဦး တို့တက်ရောက် သင်ယူလျက်ရှိကြောင်း သတင်းရရှိသည်။