ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရွှေဘို၊ ကန့်ဘလူ၊ မုံရွာခရိုင်များ၌ စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်းဖြင့် စိုက်ပျိုးရေး နှင့် စျေးကွက်စွမ်းအား မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်သွားမည်

စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေ သော “စိုက်ပျိုးရေ” ကို တောင်သူများ ပြည့်ဝစွာ ရရှိအသုံးပြုနိုင်ရေးအတွက်  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အောက်ရှိ တာဝန်ရှိသူအသီးသီးတို့က အလေးထား ဖြည့်ဆည်း ဆောက်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ ဆည်ရေအသုံးချမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ ၊ ဥပဒေများ နှင့် ဌာနက စီမံခန့်ခွဲပေးနေမှုများ၊ တောင်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များကို ရေသောက်စနစ်အတွင်းရှိ တောင်သူများ သိရှိနားလည်လာစေရေး ကိုပါ ကြိုးပမ်းပေးကြစေလိုကြောင်း ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနီး ကာဘိုးရေလွှဲဆည်သို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။

၁၉၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၀၅ခုနှစ်တွင်ပြီးစီးသည့် ကာဘိုးရေလွှဲဆည် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မူးမြစ်ပေါ်တွင်တည်ရှိသည်။ ကွန်ကရစ်ရေလွှဲဆည် အမျိုးအစား ဖြစ်ကာ သဖန်းဆိပ်ဆည်မှ ပို့လွှတ်လိုက်သောရေများအပါအဝင် နှစ်စဉ်ပျမ်းမျှစီးဝင်ရေ ၄၄၈၇၅၀၀ ဧကပေ ကို ကာဘိုးရေလွှဲဆည်မှ ထိန်းသိမ်း၍ မြောင်းမတော်များမှတဆင့် စိုက်ပျိုးမြေဧက ၃၂၁၆၆၇ ကိုဖြန့်ဝေ အကျိုးပြုလျက်ရှိသည်။ မြောင်းမတော်ကြီးများမှ ရေပေးလက်တံမြောင်း စုစုပေါင်း ၁၆၇ ခုခွဲထွက်ပြီး မြောင်းခွဲ လက်တံများ၏ စုစုပေါင်း အလျားမှာ ၅၉၅.၅၀၉ မိုင်ရှိသည်။

ဒုတိယဝန်ကြီး ဦးလှကျော် သည် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်း နှှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ရွှေဘိုမြို့နယ်အတွင်း ဆောင်ရွက်မည့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး AIIP စီမံကိန်း နှင့်ပတ်သက်၍ ကာဘိုးရေလွှဲဆည်မှ ရေပေးဝေခြင်းလုပ်ငန်း ပိုမိုထိရောက်စေရေးအတွက် ရေသွင်းရေထုတ်မြောင်းများ မွမ်းမံပြုပြင်ခြင်း၊ တူးမြောင်းစစ်ဆေးလမ်းများ၊ ကျေးလက်လမ်း ၊ တမံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကင်းတပ်လက်ဝဲတူးမြောင်းတွင် သဲနုန်းဆယ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များမှာကြားသည်။

ရွှေဘိုမြို့နယ်အတွင်း ဆောင်ရွက်မည့် စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး AIIP စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်  ပြီး နှစ်အလိုက် အဆင့်မြင့်လယ်ယာမြေဖော်ဆောင်ခြင်း၊ စက်မှုလယ်ယာစနစ် တိုးတက်မြင့်မားစေခြင်း၊ စိုက်ပျိုးရေး နည်းပညာ တိုးတက်ပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ပါဝင်ပြီး ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအနီး စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ရှေ့ပြေးဆောင်ရွက်နေသော အဆင့်မြင့် လယ်ယာမြေ ၅၇၅ ဧက  ဖော်ထုတ်ပြီးစီးပြီဖြစ်၍ မိုးစပါးပျိုးထောင်ရေ ပေးဝေလျက်ရှိသည်။

စီမံကိန်းလုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်း တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စီမံကိန်းမြို့နယ်အလိုက် စံပြကွက်နှင့် စမ်းသပ်ကွက်များအတွက်် လုံလောက်သည့် ရေရရှိရေး ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။

ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် သဲထုတ်ရေထိန်းတံခါးနှင့် ရေတံခါးများခိုင်ခံ့မှုရှိရေး၊ ရေတိုက်စားမှုကြောင့် ပျက်စီးမှုများကို အမြန်ဆုံး ဒီဇိုင်း ရေးဆွဲ ပြုပြင်ဆောင်ရွက်ရန် ၊ စီမံကိန်းကာလ ၇ နှစ်တာအတွင်း မျှော်မှန်းထားသည့်အောင်မြင်မှုများ အပြည့်အဝ ရရှိရေးအတွက် ဌာနဆိုင်ရာများ ဒေသနေ တောင်သူများအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ကျရာတာဝန်များကို ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လူမှုစီးပွားဘဝနှင့် ကျေးလက်ဖွံ့ဖြိုးရေး အတွက်သာမက စီမံကိန်းမှ ရရှိလာမည့် နည်းပညာ၊ အတွေ့အကြုံကောင်းနှင့် အကျိုးရလဒ်များ ရရှိမှုအပေါ် နားလည်သဘော ပေါက်မှုသည် အရေးကြီးကြောင်း၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများကြောင့် နှစ်စဉ်ကြုံတွေ့ နေရသော ရေကြီးရေလျှံမှုဖြစ်စဉ်များအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များ စီစဉ်ထားရှိရန် လိုအပ်ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မြေလွတ်မြေလပ်နှင့်မြေရိုင်းဥပဒေ ပေါ်ပေါက်ပြီးနောက်ပိုင်း မြေယာတန်ဖိုးတက်လာသည်နှင့်အမျှ မြေယာပြသနာ များပြားလာမှုကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင် တိုင်း အဆင့်ဆင့် အုပ်ချုပ်ရေးအပိုင်းကဏ္ဍမှ ထိန်းကျောင်း ဆောက်ရွက်ပေးကြစေလိုကြောင်း၊ တောင်သူများ၏ တောင်းဆိုချက်များကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဒေသလိုအပ်ချက်ရှိမှုနှင့်ကိုက်ညီစွာ စိစစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ကြုံတွေ့ရသည့် အခက်အခဲများကို ဝန်ထမ်းစဉ်းမျဉ်း စည်းကမ်းများနှင့်ညီညွတ်စွာ ဖြေရှင်း ဆောင်ရွက်ပေးကြရန် တို့ကိုဆွေးနွေး မှာကြားသည်။ထိုမှတဆင့် လိပ်ချင်းကျေးရွာရှိ စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်း ရှေ့ပြေးအဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်းစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး  အေးချမ်းသာယာရွှေချင်းရွာ ရေအသုံးချသူများအသင်းမှ တောင်သူများ၊ စီမံကိန်းတာဝန်ယူဆောင်ရွက်မည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းကြီးအောင်မြင်မှု ရေရှည်တည်တံ့ရေးနှင့် သားစဉ်မြေးဆက် အကျိုးခံစားခွင့် ရရှိရေး ပူးပေါင်းဆောက်ရွက်ကြရန်နှင့် ရေရှည်စီမံကိန်းဖြစ်သည့်အတွက် တောင်သူအစုအဖွဲ့ သမဝါယမချေးငွေ နှင့် လိုအပ်သည့် မျိုးစေ့သန့်စင်စက်၊ အခြောက်ခံစက်၊ မျိုးစေ့သိုလှောင်ရုံများ တည်ဆောက်နိုင်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြားပြီး တွေ့ဆုံပွဲ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားကြကာ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် စက်မှုလယ်ယာမြေဖော်ဆောင်နေမှုအခြေအနေများကို ကြည့်ရှုရာ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်လွင်ထွန်း က သဖန်းဆိပ်ဆည်မှ ရေပေးမြောင်း၊ ရေသွယ်မြောင်း ဆောင်ရွက် ထားရှိမှုများကို လိုက်လံရှင်းလင်းပြသသည်။

စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်း အရ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ၅၇၅ ဧက၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းကျေးရွာ တွင် ၃၁၅.၀၉ ဧက၊ ဒီပဲယင်းမြို့နယ် ရွာရှည်နှင့် ကြခတ်ကျေးရွာတို့တွင် ၃၀၈.၈၇ ဧက၊ ရွှေဘိုမြို့နယ် မြင်ချင်ကျေးရွာတွင် ၂၈၀.၈၆ ဧက၊ စုစုပေါင်း ၉၀၄.၈၂ ဧကကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာတွင် ၄၉၉.၈၅ ဧက၊ ရေဦးမြို့နယ် မုတ်စီကျေးရွာတွင် ၄၁၇.၃၇ ဧက၊ တန့်ဆည်မြို့နယ် မယ်ဇလီပင်ကုန်းကျေးရွာတွင် ၁၄၄.၀၄ ဧက၊ အက်ကြီးကျေးရွာတွင် ၁၆၃.၃၅ ဧက၊ ရွာရှည်(မ)ကျေးရွာတွင် ၁၇၈.၃၂ ဧက၊ ရွှေဘိုမြို့နယ် ကျားရွာကျေးရွာတွင် ၃၁၃.၅၁ ဧက၊ စုစုပေါင်း ၁၇၁၆.၄၄ ဧကကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရွှေဘိုမြို့နယ်ရှိ လိပ်ချင်း၊ ယင်းမာ၊ အောင်ချမ်းသာ၊ ဇီးဖြူကုန်းနှင့် ခွန်တောင်းငယ်ကျေးရွာတို့တွင် ၁၈၁၆.၇၃ ဧက ကိုလည်းကောင်း ဖြင့် စုစုပေါင်းဧကပေါင်း ၅၀၁၂.၉၉ ဧကတို့ကို နှစ်အလိုက် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။