မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာ များသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊ လက်ပံပင်(SMU) ခန်းမ၌ ဇွန်လ (၄) ရက် မွန်းလွဲ (၁)နာရီ က ကျင်းပသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို ဖွင့်လှစ်ကာ၊ ရှမ်းပြည်နယ်အတွင်း မြန်မာဆယ်မားအူလ်အွန်ဒုံကျေးရွာသစ် စီမံကိန်း ဆောင်ရွက်မှု ဗွီဒီယို ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန် (ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနဲ့ ကလောမြို့နယ်မှာ လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထနှစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းရဲ့ စိတ်ဓါတ် ဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းနိုင်ခြင်း၊ ကွန်ကရစ်တံတားများခင်းနိုင်ခြင်း၊ စုဝေးခန်းမဆောင်လုပ်ပြီးစီးခြင်း၊ ဆွမ်းစား ကျောင်းဆောင်ဆောက်လုပ်ပြီးစီးခြင်း၊ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ပြီးစီးခြင်း၊ ရေသန့်စက်များ ထူထောင်ခြင်း၊ ရေလွှဲပြွန်များ ကောင်းမွန်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာခေါင်းဆောင်များရွေးချယ်ခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပြီး စီမံကိန်းတစ်နှစ်ပြီးပါက စီမံကိန်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ယူဆောင်ရွက်သူများမှ လုပ်ငန်း ဆောင်ရွက်မှုများကို အကဲဖြတ်အမှတ်ပေး၍ (A/B/C)အဆင့်သတ်မှတ်ပြီး ယခုနှစ် တတိယနှစ်အတွက်ဆုအဖြစ် Aအဆင့် ဒေါ်လာ(၁၅၀၀၀)၊ Bအဆင့်ဒေါ်လာ(၁၀၀၀၀)နှင့် Cအဆင့်ဒေါ်လာ(၅၀၀၀)ချီးမြှင့်သွားမည်ကိုသိရပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ၂၀၁၆ခုနှစ်တွင် Aအဆင့်ကျေးရွာ(၄)ရွာ၊ Bအဆင့်ကျေးရွာ(၄)ရွာ၊ ၂၀၁၇ခုနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့် ကျေးရွာ(၆)ရွာနှင့် ၂၀၁၈ခုနှစ် တတိယနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့်ကျေးရွာ(၆)ရွာနှင့် Cအဆင့် ကျေးရွာ (၂)ရွာရရှိခဲ့သည့်အတွက် ယခုထပ်ဆောင်းဆုကြေးငွေကျပ်သိန်း(၁၅၀၀)ကျော်ကို သက်ဆိုင်ရာ အဆင့်လိုက် ဂုဏ်ပြုပေးအပ် သွားမှာဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် စတုတ္ထနှစ်တွင်လည်း ကျေးရွာအားလုံးသည် Aအဆင့်ရရှိအောင်ဆောင်ရွက်ခဲ့သည့် ကျေးရွာများကို အတုယူအားကျပြီး အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ(SMU)စီမံကိန်း ဒါရိုက်တာ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က စံပြ ကျေးရွာများ ၏ ရေရှည်တည်တံ့ ခိုင်မြဲရေး နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရ မည့် အစီအစဉ်များ အား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးတင်ဦးကြိုင် က ရှမ်းပြည်နယ် အတွင်း စီမံကိန်းကျေးရွာများတွင် ဆောင်ရွက် ထားမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ထူးချွန်ကျေးရွာ ထပ်ဆောင်းဆုကြေးငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း ၊ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တို့က ပေးအပ်ကြရာ တာဝန်ရှိသူ အသီးသီးတို့ကလက်ခံရယူသည်။
ဆက်လက်၍ ကျေးရွာငွေတိုက်စနစ် (SMG) ထူထောင်ရန် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ မြန်မာဆယ်မားအူလ်ရဂွန်ဂို ကျေးရွာငွေတိုက်အတွက် မီးခံသေတ္တာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကျေးရွာခေါင်းဆောင်တစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။