နယ်သတင်းများ သတင်းကဏ္ဍ

ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းကြီးများ အတွက် စိုက်ပျိုးရေးသုံးသွင်းအားစုထောက်ပံ့ပစ္စည်းပေးအပ်

တစ်ခရိုင်နှစ်ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော ညောင်ရွှေမြို့နယ်၊တိလောကျေးရွာအုပ်စု၊ကျော့မောင်ငယ်ဘက်စုံအဆင့်နည်းပညာသုံးစံပြကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းကြီးများ အတွက် စိုက်ပျိုးရေးသုံးသွင်းအားစုထောက်ပံ့ပစ္စည်းပေးအပ်ပွဲ၊မိုးစပါးသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်( Raised Bed)၊ပျိုးသက်နုကောက်ကွက်ကြဲ( SRI)ပျိုးထောင်နည်းလက်တွေ့ပြသပွဲနှင့်GAPအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နံနက်ပိုင်းက ကျော့မောင်ငယ်ကျေးရွာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ဦးစိုင်းလုံကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။


ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံး က ကြီးမှူးဆောင်ရွက်သည့် အဆိုပါအခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်ဦးကြိုင် က ရှမ်းပြည်နယ်အတွင်းဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများအကောင်အထည်ဖော်မှု အခြေအနေများနှင့် GAP အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တောင်ကြီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်း က ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများတွင် ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ထောက်ပံ့ပစ္စည်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များ ၊ ၂၀၁၉ခုနှစ် ဇူလိုင်လအတွင်း သီးနှံအလိုက် GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်မှုနှင့် GAP အသိအမှတ်ပြု လက်မှတ်ရရှိရေး ဆောင်ရွက်ရမည့်လုပ်ငန်း အဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းကြီးများ အတွက် ထောက်ပံ့ပစ္စည်းများ နှင့် GAP အသိအမှတ်ပြု လက်မှတ်များပေးအပ်ကြရာ တောင်သူများက လက်ခံရယူကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာသူများသည် မိုးစပါးသိပ္ပံနည်းကျစိုက်နည်းစနစ်(Raised Bed)နှင့်ပျိုးသက်နုကောက်ကွက်ကြဲ( SRI )ပျိုးထောင်နည်းလက်တွေ့ပြပွဲအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။