သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်စိုက်ပျိုးရေးစုံညီပွဲတော်တွင် သုတေသနပြခန်း ခင်းကျင်းပြသ၊ သုတေသနပညာရှင်များ က ပညာပေး စာတမ်းများဖတ်ကြားရှင်းလင်း

ရှမ်းပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသော ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် ကို ဒီဇင်ဘာလ (၂၂) ရက်နေ့က မှ ၂၄ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ အင်းခေါင်းကျေးရွာ၌  ခင်းကျင်းပြသလျက်ရှိရာ ကွင်းအမှတ် (၁) ၌ သုတေသနစိုက်ခင်းများ၊ အစားထိုးသီးနှံ စိုက်ပျိုးပင်များ၊ ကွင်းအမှတ် (၂)၌ မျိုးစေ့ပြခန်းများ၊ မြေဩဇာပြခန်းများ၊ ပိုးသတ်ဆေးပြခန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ကုမ္ပဏီပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများ၊ ကွင်းအမှတ် (၃) ၌ မွေးမြူရေး ဆိုင်ရာ ပြခန်းများနှင့် ကွင်းအမှတ် (၄) ၌ လယ်ယာသုံး စက်ကိရိယာပြခန်းများ ခင်းကျင်းပြသထားရာ၊ စုစုပေါင်း ပြခန်းပေါင်း (၁၈၀) ကို ခင်းကျင်းပြသထားရှိသည်။

အဆိုပါ ပွဲတော်တွင် လာရောက်လေ့လာကြမည့် တောင်သူများနှင့် လုပ်ငန်းရှင်များ အတွက် သင်တန်း နှင့် စာတမ်းဖတ်ပွဲ အစီအစဉ်များပါဝင်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ ဒေါက်တာအောင်မိုးမျိုးတင့် က အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် အဖွဲ့အစည်းဆိုင်ရာ နှင့် နည်းပညာဆိုင်ရာ အကြံပြုချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာပပဝင်း က အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေအကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာဝင်းဝင်းနွယ် က ပဲပုပ်စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာတင်ဥမ္မာဝင်း က အစေ့ထုတ်ပြောင်း သီးနှံ အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း ပညာပေးဖြန့်ဝေသွားမည်ဖြစ်သည်။

ထို့ပြင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများအတွက် အကျိုးပြု သုတေသနတွေ့ရှိချက်များ၊ ထုတ်ဝေဖြန့်ဖြူးထားသော သီးနှံမျိုးများနှင့် ခေတ်မီ သုတေသန နည်းပညာများ၊ အပင်တစ်သျှူးနည်းဖြင့်မွေးမြူထားသော ဌက်ပျောပင်များ၊ Hydroponic နည်းပညာဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့် Aeroponic ဖြင့် စိုက်ပျိုးထားသော အာလူးမျိုးများ စသည်တို့ကိုခင်းကျင်းပြသထားပြီး တောင်သူများအတွက် အကျိုးပြုနိုင်သည့် မြေဆီဓာတ်ခွဲသေတ္တာ၊ ပဲမြစ်ဖုဇီဝ မြေဩဇာများ၊ ထရိုင်ခိုဒါးမားမှိုမျိုးထုပ်များ ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။