နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ရှမ်းပြည်နယ် စိုက်ပျိုးရေး စုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ဒီဇင်ဘာလ ၂၂ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်သန်းထွဋ်၊ ဦးတင်မြင့်၊ ဒေါက်တာရဲမြင့်ဆွေ၊ ဦးအောင်ထူး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့သို့ရောက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လွတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဟဲဟိုးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အဖွဲ့ဝင်များနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ် အင်းခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ်ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။စိုက်ပျိုးရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဒုတိယ ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မြို့မိ မြို့ဖများ၊ တောင်သူဦးကြီးများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသည့် စိုက်ပျိုးရေး စုံညီပွဲတော်သည် ရှမ်းပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော် တစ်ခုဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိက အဖွဲ့အစည်း များ အားလုံး ပါဝင်သည့် စိုက်ပျိုးရေးစုံညီပွဲတော်ကို ရေရှည်တည်တံ့သည့် လယ်ယာ ကုန်ထုတ်လုပ်မှု စနစ်ထွန်းကားစေပြီး လယ်ယာထုတ်ကုန်များ ရောင်းချရာတွင်လည်း သင့်တင့် မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိစေရန်၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများကို တောင်သူများ ပိုမိုသိရှိနားလည် အသုံးပြုတတ်လာပြီး ထုတ်လုပ်မှု တိုးတက်စေရန်၊ တောင်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ရှမ်းပြည်နယ် တစ်ခုလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်း ဖြစ်ပါကြောင်း။

ရှမ်းပြည်နယ်သည် နိုင်ငံအတွင်းတွင် အကြီးဆုံးပြည်နယ် တစ်ခုဖြစ်ပါကြောင်း၊ ပြည်နယ် ကျယ်ပြန့်သည် နှင့်အညီ မြေဆီဩဇာကောင်းမွန်သည့် စိုက်ပျိုးမြေအများအပြားရှိ၊ ရာသီဥတုလည်း ကောင်းမွန်သည့်အတွက် သီးနှံအမျိုးအစား စုံလင်စွာ စိုက်ပျိုးနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ သီးနှံအလိုက် အစုအဖွဲ့များ ဖွဲ့စည်းကာစိုက်ပျိုးထုတ်လုပ်သည်မှ အစ ဈေးကွက် ချိတ်ဆက်သည်အထိ စုပေါင်းဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရပါ ကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးရေး စုံညီပွဲတော်ကတစ်ဆင့် ပြည်နယ်အနှံ့အပြားတွင်ရှိသည့် စိုက်ပျိုးထုတ်လုပ်သူများသည် စိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချ နိုင်သည်အထိ ကွင်းဆက် များအားလုံး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု ယခုထက် ကျယ်ပြန့် ဖွံ့ဖြိုးတိုးတက်လာမည်ဟုလည်း မျှော်လင့်ပါကြောင်း။

ထို့ပြင် လာရောက်လေ့လာကြသည့် တောင်သူများနှင့် လုပ်ငန်းရှင်များ အတွက် လက်တွေ့ အသုံးချ နိုင်မည့် သင်တန်းများ ဖြစ်သည့် မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်း ပညာပေး သင်တန်း၊ သီးနှံအလိုက် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နည်း သင်တန်း၊ နှစ်ရှည်သီးနှံ ကိုင်းကူး ကိုင်းဆက် ပညာပေး သင်တန်းနှင့် အခြားသင်တန်းများ ပို့ချသွားမည်ဟုလည်း သိရှိရ ပါကြောင်း၊ တောင်သူများ ကိုယ်တိုင်ဝင်ရောက်ဆွေးနွေးပြီး သိရှိလိုသည် များ တိုက်ရိုက် မေးမြန်း အဖြေရှာနိုင်ရန် စာတမ်း ဖတ်ပွဲများနှင့် တောင်သူဆွေးနွေးပွဲများအတွက် ပညာရှင်များ ဖိတ်ကြားထားပြီး ပွဲတော်ကာလအတွင်း ဆောင်ရွက် သွားမည်ဟု သိရှိရပါကြောင်း။

ကမ္ဘာတွင် အရေးကြီးကဏ္ဍ တစ်ခုဖြစ်သည့် အစားအစာ ဘေးကင်း လုံခြုံရေးအတွက် ရှမ်းပြည်နယ် အတွင်း စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (Good Agricultural Practices – GAP) အသိအမှတ်ပြု လက်မှတ်ရရှိအောင် သီးနှံအလိုက် ဆောင်ရွက်ထားရှိမှု ကိုလည်း အားရကျေနပ်ဖွယ် တွေ့ရှိရပါကြောင်း။

လက်ရှိ GAP လက်မှတ်ရတောင်သူများက နောက်နှစ်များစွာတွင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ကျန်ရှိသည့် တောင်သူများ လည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာအဖြစ် အသိအမှတ်ပြု ခံရပြီးပြည်တွင်း ဈေးကွက်တွင်သာမက ပြည်ပဈေးကွက် ကိုပါ ထိုးဖောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင်ဘေးအန္တရာယ်ကင်း ရှင်းသည့် အစားအစာများသည် ပြည်သူများ၏ ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

ယခုပွဲတော်အတွင်းတွင် လယ်ယာသုံး စက်ကိရိယာပြခန်းများကို လေ့လာနိုင်သည့်အပြင် စက်ကိရိယာများ လက်တွေ့ အသုံးပြုနေပုံများ ကိုလည်း လေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့အသုံးပြုလိုသည့် စက်ကိရိယာများကို သေချာစွာ လေ့လာ ရွေးချယ်နိုင်မည်လည်း ဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် ပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြသည့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်း များ၊ ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များ၊ တောင်သူလယ်သမားများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပွဲတော်သို့ လာရောက်လေ့လာကြသည့် တောင်သူများ၊ လုပ်ငန်းရှင် များနှင့် တက်ရောက် လာကြသူများ အားလုံးလည်း ယခုပွဲတော်မှ အကျိုးကျေးဇူးများစွာ ရရှိကြပါစေဟု ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်တို့က ရှမ်းပြည်နယ် စိုက်ပျိုးရေးစုံညီပွဲတော် (Shan State Agriculture Symposium) ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြ သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရှင်းလင်းဆောင်သို့ရောက်ရှိရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးကစိုက်ပျိုးရေး စုံညီပွဲတော်တွင်ကွင်း အမှတ်များ သတ်မှတ်၍ စိုက်ခင်းများ၊ စိုက်ပျိုးရေး ဆိုင်ရာ ပြခန်းများ၊ မွေးမြူရေး ဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံးစက် ကိရိယာ ပြခန်းများ၊ သင်တန်း၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ခင်းကျင်းပြသ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကွင်းအမှတ် (၁) ၌ခင်းကျင်းပြသ ထားသည့် သုတေသနစိုက်ခင်းများ၊ အစားထိုးသီးနှံစိုက် ပျိုးပင်များ၊ ကွင်းအမှတ် (၂) ၌ ခင်းကျင်းပြသထားသည့် မျိုးစေ့ပြခန်း များ၊ မြေဩဇာပြခန်းများ၊ ပိုးသတ်ဆေးပြခန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ကုမ္ပဏီပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများ၊ ကွင်းအမှတ် (၃)၌ ခင်းကျင်းပြသထားသည့် မွေးမြူရေးဆိုင်ရာ ပြခန်းများနှင့်ကွင်းအမှတ် (၄) ၌ ခင်းကျင်းပြသ ထားသည့် လယ်ယာသုံး စက်ကိရိယာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်ကလော မြို့နယ်အင်း ခေါင်းကျေးရွာ ဟဲဟိုးဥယျာဉ် ခြံ၌ ကျင်းပသည့် ရှမ်းပြည်နယ် စိုက်ပျိုးရေး စုံညီပွဲတော်အား ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကွင်းအမှတ်(၁)၌ စိုက်ပျိုးရေးသုတေသန ခြံ ၁၀ ခြံမှ သုတေသန စိုက်ခင်းများ၊ မျိုးစေ့ကုမ္ပဏီ ၁၃ ခုမှ မျိုးစေ့ပြခန်းများ၊ သီးနှံအမျိုးအစား ၃၈ မျိုး၊ သစ်ခွနှင့် ဘွန်စိုင်း၊ ပျိုးပင်အရောင်းဆိုင်ပြခန်း ၅ ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ် (၂) တွင် ဝန်ကြီးဌာန ပြခန်း ၂၀၊ သဘာ၀မြေဩဇာပြခန်း ၁၃ ခန်း၊ ဓာတ်မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး သုံးဆေးပြခန်း ၃၂ ခန်း၊တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီပြခန်း ၅၉ ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ် (၃) တွင် မွေးမြူရေးနှင့် ပတ်သက်သည့် ပြခန်း ၁၅ခန်း ကိုလည်းကောင်း၊ ကွင်းအမှတ် (၄) တွင် လယ်ယာသုံး စက်ကိရိယာပြခန်း ၃၆ ခန်းကို လည်းကောင်း ခင်းကျင်းပြသ ထားရာ စုစုပေါင်းပြခန်းပေါင်း ၁၈ဝကို ခင်းကျင်း ပြသထား ကြောင်း သိရှိရသည်။

ထို့ပြင် မှိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်း၊ Greenovator Mobile Application အသုံးပြုနည်းသင်တန်း၊ သီးနှံအလိုက် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နည်း သင်တန်း၊ အထွက်တိုး Mobile Application အသုံးပြုနည်းသင်တန်း၊ သီးနှံအလိုက်စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်း၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေ အကြောင်း ပညာပေး သင်တန်း၊ နှစ်ရှည် သီးနှံကိုင်းကူး/ ကိုင်းဆက်သင်တန်း၊ ရော်ဘာပင် များတွင် မှိုရောဂါ ကျရောက်မှုနှင့် ပတ်သက်၍ ပညာပေးသင်တန်းများကို ဖွင့်လှစ်သွား မည်ဖြစ်ပြီး စာတမ်းဖတ်ပွဲကို လည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ အစေ့ထုတ်ပြောင်း စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ကွင်းဆက်များ အကြံပြုချက်စာတမ်း၊ ပဲပုပ်စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာ စာတမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နည်း ပညာပေးစာတမ်း၊ သီးနှံ စိုက်ပျိုးရာတွင်အချိန်၊ ငွေကုန်သက်သာမည့် ပညာရပ်များ ပြန့်ပွားရေးစာတမ်း၊ အာလူး နှောင်းပင်နာကျရောဂါနှင့် မှိုသတ် ဆေးများ စမ်းသပ်ချက်စာတမ်းနှင့် အစေ့ထုတ် ပြောင်းသီးနှံ အရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာ ၏ အခန်းကဏ္ဍ စာတမ်းတို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။