မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှ ကျင်းပပြုလုပ်သည့် ’’Seminar on Knowledge Sharing for Better Dams’’ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေနှင့်ပတ်သတ်သည့် ပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် The International Commission on Large Dams ကို အတက်ပညာဆိုင်ရာ သတင်းအချက်အလက်နှင့် ဒီဇိုင်းပုံစံ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် နောင်တွင်ဖြစ်ပေါ်နိုင်မည့် Large dams များ၏ အကျိုးသက်ရောက်မှုဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနိုင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုအဖြစ် ၁၉၂၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဗဟိုဌာနရုံးအဖြစ် စတင်တည်ထောင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် အဖွဲ့ဝင် ၁ဝဝရှိသည့် အမျိုးသား အဆင့်ကော်မတီများ ပါဝင်လျက်ရှိသည်ဟု သိရပါကြောင်း၊ အဖွဲ့ဝင် ကော်မတီများ အနေဖြင့် ယနေ့ဖတ်ကြားမည့် သုတေသနစာတမ်း ၉စောင် အပါအဝင် သုတေသန စာတမ်း ၃၂ စောင်ကို ဖတ်ကြားတင်သွင်း နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တမံကြီးများ ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် မိမိတို့၏ ဌာနတာဝန်များမှ အနားယူခဲ့ကြသော်လည်း နိုင်ငံအကျိုး၊ အများပြည်သူအကျိုးကို ရည်မှန်း၍ မိမိတို့၏ အသိပညာ၊အတက်ပညာ ဗဟုသုတများကို ကိုယ်အား၊ ဉာဏ်အားစိုက်ထုတ်ပြီး ဆောင်ရွက်ပေးနေသည့်အတွက် နိုင်ငံတော်အစိုးရကိုယ်စား၊ အများပြည်သူတို့၏ကိုယ်စား မိမိအနေဖြင့် အထူး ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ရန်ကုန် နည်းပညာ တက္ကသိုလ်တို့မှ စာတမ်းရှင်များအားလုံးကိုလည်း ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာတမ်းရှင် ဦးမျိုးမြင့်(ဒုတိယဝန်ကြီး-ငြိမ်း) က Opinion Pieces Relating to Safety of Large Dams ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က စာတမ်းရှင် ဦးမျိုးမြင့် အား Certificate လက်မှတ်ကို ပေးအပ်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ နှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်သည်။
ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စာတမ်းရှင် ၉ ဦးက တမံနှင့်သက်ဆိုင်သည့် စာတမ်းများကို အသီးသီးဖတ်ကြားကြကြောင်း သိရှိရသည်။