ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီ ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ဇွန်လ (၁၈) ရက်နေ့က နေပြည်တော် ရုံးအမှတ် ၁၅ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး ၌ ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီ ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဒုတိယဥက္ကဌ နှင့်  ကော်မတီအဖွဲ့ဝင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် က အမှာစကားပြောကြားရာတွင် အရည်အသွေးကောင်း မျိုးသစ်များ ထုတ်လုပ်နိုင်ရေး ၊ ထုတ်လုပ်ပြီးသော မျိုးသစ်များ မျိုးစေ့စံချိန်စံညွှန်းများနှင့်ပြည့်မီရေး၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျ ရှိစေရေး တို့အတွက် သတ်မှတ်ပြဌာန်းထားသော မျိုးစေ့ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံမျိုးကောင်း မျိုးသစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး  နှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပုဂ္ဂလိကမျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အဖွဲ့အစည်းများနှင့် လက်တွေ့စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ် သမားကြီးများအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံ မှုများကို လက်ရှိထက်ပိုမိုတိုးတက်လာစေရန် အားပေးဆောင်ရွက်ခြင်းနှင့်အတူ  တိုးတက်ပြောင်းလဲလာသော နည်းပညာများ သတင်းအချက် အလက်များကို ပြည်သူများ ထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြပြီး တွဲဘက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးသီဟထွန်း က သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ က စိစစ်တင်ပြ လာသော မျိုးသစ်အသိအမှတ်ပြုလက်မှတ်ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖတ်ကြားတင်ပြရာ ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်များက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေး ဆုံးဖြတ်ကြသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ က မျိုးစေ့လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ၊ မျိုးသစ်အသိအမှတ်ပြုလက်မှတ် နှင့် လိုင်စင်များ လျှောက်ထားရာ တွင် အွန်လိုင်းမှ တဆင့် လျေှာက်ထားနိုင်ရေးတို့အတွက် Myanmar Seed Portal  ဝက်ဆိုဒ်ကို  ထုတ်လွှင့်ပေးခဲ့ပြီး လျှောက်ထားလာမှုများကို မျိုးစေ့ဆိုင်ရာအမျိုးသား ကော်မတီ က စိစစ်ခွင့်ပြုပေးချက်အရ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထိ သီးနှံ (၆၂) မျိုး ၏ မျိုးကွဲ (၈၅၅) မျိုးနှင့် မိဘမျိုးလိုင်း (၁၀၈)လိုင်း စုစုပေါင်း (၉၆၃) မျိုးတို့ကို အသိ အမှတ်ပြုလက်မှတ် ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သော မျိုးစေ့ဆိုင် ရာအမျိုးသားကော်မတီ ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် မျိုးစေ့ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ က သဘောထားမှတ်ချက်ဖြင့်တင်ပြလာသော မျိုးသစ်များ၊ သီးနှံ (၂၄) မျိုး၏ မျိုးသစ်မျိုးကွဲ (၅၄) မျိုး၊ မိဘမျိုးလိုင်း (၁၀) လိုင်းတို့နှင့်သက်ဆိုင်သည့် အချက်အလက်များကို စိစစ် ဆွေးနွေးကြပြီး အသိအမှတ်ပြုလက်မှတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။