နယ်သတင်းများ သတင်းကဏ္ဍ

လောင်းလုံးမြို့နယ် ၌ မျိုးစေ့သန့်စင်စက်ဖွင့်လှစ် တောင်သူလယ်သမားများ ကုန်ကျစရိတ်သက်သာစွာ မျိုးစေ့သန့်စင်နိုင်မည်

သန့်စင်သောမျိုးစေ့များကို အသုံးပြုခြင်းဖြင့် သီးနှံ၏ကောင်းမွန်သော မူလဗီဇ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်းကောင်းမွန်ညီညာ၍ ကြီးထွားမှု မြန်ဆန်ခြင်း၊  မြေသြဇာ၊အစိုဓာတ်၊အလင်းရောင် စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း၊ အပင်အောင်မြင်ဖြစ်ထွန်းသန်စွမ်းသဖြင့် ရာသီဥတုနှင့်ပိုးမွှားရောဂါဒဏ် ပိုမိုခံနိုင်ရည်ရှိ ခြင်း၊ ပေါင်းမြက်ကင်းစင်ပြီး ရင့်မှည့်မှုညီညာ၍ ရိတ်သိမ်းချိန်တွင် အလေ့အလွင့် နည်းပါး သဖြင့် သီးနှံအထွက်နှုန်း ၁၀ ရာခိုင်းနှုန်းကျော်ခန့် ပိုမိုထွက်ရှိစေခြင်း စသည့်အကျိုး ကျေးဇူးများကို စိုက်ပျိုးထုတ်လုပ်သူများ ရရှိနိုင်ကြမည်ဖြစ်သည်။

တောင်သူများအနေဖြင့် မျိုးစေ့ဝယ်ယူသုံးစွဲခြင်းများရှိသကဲ့သို့ မျိုးချန်စိုက်ပျိုးမှုများ လည်းရှိနေကြရာ မစိုက်ပျိုးမီ မျိုးစေ့သန့်စင်ခြင်းကို နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက် နေကြသော်လည်း အရည်အသွေးပြည့်မီသောမျိုးစေ့သန့်စင်စက် သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တွင် မျိုးစေ့သန့်စင်စက်တပ်ဆင်တည်ဆောက်ခဲ့ရာ အဆိုပါ မျိုးစေ့သန့်စင်စက်ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည်။

မျိုးစေ့သန့်စင်စက်ဖွင့်ပွဲအခမ်းအနား သို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်စန်း က အဖွင့်အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က မျိုးစေ့သန့်စင်စက် တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် ဧည့်သည်တော်များက မျိုးစေ့သန့်စင်စက်အား ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး မျိုးစပါးသန့်စင်နေမှုကိုအား ကြည့်ရှုအားပေးသည်။

ယခုဖွင့်လှစ်သော မျိုးစေ့သန့်စင်စက်သည် စပါးမျိုးများအား အဖျင်း၊အမှော်၊ ဖုန်၊ သဲ၊ ခဲ များအား ဖယ်ရှားပေးခြင်းနှင့် မျိုးစေ့အရွယ်အစားနှင့် အလေးချိန် အလိုက် ခွဲခြား သန့်စင် ပေးနိုင်ပြီး တစ်နာရီလျင် ၁၈ တင်းနှုန်း သန့်စင်ပေးနိုင်သည်။ တိုင်းဒေသကြီး ရန်ပုံငွေ ၄၃၇ သိန်း ကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကာ တောင်သူလယ်သမားများ ကုန်ကျစရိတ် သက်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် စက်လည်ပတ်မှုဓာတ်အားခသာ ကျခံစေလျှက် မျိုးစေ့သန့်စင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။