သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့မူဝါဒ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ သီးနှံစုံတို့၏ မျိုးစေ့ဆိုင်ရာများကို တိုးချဲ့ဆောင်ရွက်နိုင်ရေးကြိုးပမ်း

မျိုးစေ့မူဝါဒ အား ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၀ ရက် နံနက် ၉ နာရီခွဲအချိန်က နေပြည်တော် ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ရာ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး တက္ကသိုလ်နှင့် မျိုးစေ့ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မျိုးစေ့လုပ်ငန်းရှင်များ၊ နယ်သာလန်နိုင်ငံ အခြေစိုက် Integrated Seed Sector Development-ISSD မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင်  စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း တို့ က အဖွင့်အမှာစကားပြောကြာကြသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာကြသူများက ၂၀၁၆ခုနှစ်က ထုတ်ပြန်ခဲ့သည့် မျိုးစေ့မူဝါဒ အပေါ် ဆွေးနွေးသုံးသပ်ခြင်း၊ မျိုးစေ့ကဏ္ဍအား ပိုမိုကျယ်ပြန့်စွာတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် မျိုးစေ့မူဝါဒ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆွေးနွေး ပြောကြားရာ၌ တောင်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် မျိုးစေ့ထုတ်လုပ်ငန်းများ ဖြစ်ရန်လိုအပ်ပြီး စျေးကွက်မရှိဘဲ မျိုးစေ့ထုတ်လုပ်ငန်းချည်း ရပ်တည်၍ မရနိုင်သည်ကို သတိပြုကြရမှာ ဖြစ်ကြောင်း၊ စျေးကောင်းရရှိနိုင်သည့် မျိုးကောင်းများ နှင့် အထွက် ကောင်းသည့် စပ်မျိုးများ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ရေး တို့အတွက် ကန်ထရိုက်လယ်ယာ စနစ်ဖြင့်ဆောင်ရွက်ခြင်း၊ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် နည်းလမ်းများဖြင့် မျိုးစေ့ ကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း။

စိုက်ပျိုးထုတ်လုပ်မှု၏ အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် အရည်အသွေးပြည့်ဝပြီး အထွက်ကောင်း မျိုးစေ့များအသုံးပြုနိုင်ရေး ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များ နှင့် ပုဂ္ဂလိက မျိုးစေ့ကုမ္ပဏီများ ပူးပေါင်း၍ ခေတ်မီ အဆင့်မြင့် နည်းပညာအသုံးပြုထားသော မျိုးစေ့များ ပိုမိုတိုးတက်ထုတ်လုပ်ရေး၊ တောင်သူများ၏ ဝင်ငွေအမှန်တကယ်တိုးတက်ရေး နှင့် တိုင်းပြည် ဝင်ငွေတိုးတက်ရေး တို့အတွက် စိုက်ပျိုးရေးဦးစီးဌာန မှ မျိုးစေ့ပညာရှင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ ပညာရှင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း အနာဂတ် ရေရှည်အတွက် အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အရည်အသွေးပြည့်ဝသည့် သီးနှံထွက်ကုန်များဖြစ်ရေးကို မျှော်မှန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က မျိုးစေ့ ထုတ်လုပ်မည့် စံပြစိုက်ကွင်း ဧရိယာများ သတ်မှတ်၍ တိုးချဲ့ဆောင်ရွက်ရေး၊ သုတေသနတွေ့ရှိ ဆောင်ရွက်ချက်များ နှင့် စျေးကွက် ရှာဖွေ ဖော်ဆောင်ပေးနိုင်ရေးလုပ်ငန်းများ၊ ဆန်စပါးအပါအဝင် သီးနှံအားလုံး တို့၏ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်သူ အားလုံးတို့က အချိတ်အဆက်မိမိ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

မျိုးစေ့ကဏ္ဍအမှန်တကယ်ဖွံ့ဖြိုးလာရန်နှင့် ရေရှည်ရပ်တည်နိုင်ရန် ခေတ်စနစ်နှင့် လျော်ညီသည့် မူဝါဒများ ပြင်ဆင်သတ်မှတ်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းအဖြေရှာကြိုးပမ်းနေသကဲ့သို့  သက်ဆိုင်သူအားလုံးတို့ကလည်း သတ်မှတ်ပြဌာန်းထား သည့် မျိုးစေ့ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်လိုအပ် ကြောင်း မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသီဟထွန်း က ပြောသည်။

မျိုးစေ့မူဝါဒကို FAO ၏ အကူအညီဖြင့် ၂၀၀၃ ခုနှစ် မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စပါးသီးနှံအပေါ် အခြေခံရေးဆွဲခဲ့ကာ ၂၀၁၆ တွင် အမိန့်ကြော်ငြာစာဖြင့် စတင် အကောင်အထည်ဖော်ခဲ့သည်။ တစ်ချိန်တည်းတွင် အမျိုးသားမျိုးစေ့ကော်မတီ ၏ လုပ်ငန်း နှင့် တာဝန်များကို ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။ ယခုအခါ နှစ်တို၊ နှစ်ရှည် သီးနှံစုံတို့၏ မျိုးစေ့ဆိုင်ရာများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် နှင့် ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေရန်တို့အတွက် မျိုးစေ့မူဝါဒ တွင် လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်နိုင်ရန် ယနေ့ ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများ က ဆွေးနွေးညှိနှိုင်း ကြခြင်းဖြစ်သည်။

အစည်းအဝေး တွင် ၂၀၁၆ ခုနှစ် က ပြဌာန်းခဲ့သည့် မျိုးစေ့မူဝါဒကို ပြန်လည် ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ခြင်း၊ အဓိက ဆန်းစစ်အကဲဖြတ်ဆောင်ရွက်မည့် အဖွဲ့ဝင်များ ကို ရွေးချယ်၍ ဒေသအလိုက် တုံ့ပြန်လာမှုအပေါ် စားပွဲဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း များဆောင်ရွက်ရန် နှင့် ယင်းဆောင်ရွက်ချက်များမှ လွတ်လပ်သည့် သဘောထား အမြင်များ နင့် ဝိုင်းဝန်းဆွေးနွေးမှု ရလဒ်များဖြင့် မျိုးစေ့မူဝါဒကို အကောင်းဆုံးဖြစ်စေရန် ပြင်ဆင် ရေးဆွဲကာ အမျိုးသားမျိုးစေ့ကော်မတီ မှ တစ်ဆင့် သက်ဆိုင်ရာသို့ တင်ပြပြီး အတည်ပြု ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။