ငါး-ပုစွန်ဆိုင်ရာ

ပင်လယ်လိပ်မျိုးထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း

ပင်လယ်လိပ်မျိုးထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း

ပင်လယ်လိပ်များ၏ အလေ့အထနှင့် ၄င်းတို့၏ အရေးပါပုံ

ပင်လယ်လိပ်များသည် ဒိုင်နိုဆောများထက် စော၍ ပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံး သတ္တသဝါများ ဖြစ်ပါသည်။ကမ္ဘာပေါ်တွင် ပင်လယ်လိပ်(၇)မျိုး ရှိသည့်အနက် မြန်မာနိုင်ငံတွင် (၅)မျိုး တွေ့ရှိနိုင်သည်။ ပင်လယ်လိပ်များသည် ဘဝသက်တမ်း တစ်လျှောက် မိုင်ထောင်ပေါင်းများစွာ သွားလာ ကျက်စားနိုင်ကြသည်။ ပင်လယ်လိပ်များ သည် ၄င်းတို့သားပေါက်ခဲ့သည့်နေရာတွင် ပြန်လည်ဥချလေ့ရှိပါသည်။ ပင်လယ်လိပ်များ အား မျိုးသုဉ်းလုနီးပါးမျိုးစိတ် (Endangered Species)အဖြစ် သတ်မှတ် ကာ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ပင်လယ်ကမ်းရိုးတန်း ရေပြင်နှင့် သဲသောင်များသည် ပင်လယ်လိပ်များ သွားလာကျက်စား၊ ဥချရာ ဒေသများ ဖြစ်ပါသည်။

ပင်လယ်ဒီရေနီ(Red Tide) ဖြစ်ပေါ်စေသော သတ္တမျှောလှေး(Dinoflagellate)များကို အစာ အဖြစ် စားသုံးသောကြောင့် ပင်လယ်ပြင်ဂေဟစနစ်တွင် အရေးပါသည့်သတ္တဝါများ ဖြစ်ပါ သည်။သဘာဝအခြေခံခရီးသွားလုပ်ငန်းများ(Eco-tourism) ဖွံ့ဖြိုးလာခြင်းမှတဆင့် ဒေသခံများ ၏ လုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။

ပင်လယ်လိပ်များ မျိုးသုဉ်းရသည့် အကြောင်းရင်းများ

ပင်လယ်လိပ်များ၏ ဥနှင့်အသားများကို လူသားများမှ စားသုံးခြင်း။ ငါးဖမ်းဆီးရာတွင် ငါးဖမ်းကိရိယာများတွင် မတော်တဆ ထိမိခြင်း။ လိပ်သောင် လိပ်ကျွန်းများတွင် လူသားများမှ ကျူးကျော်ချဲ့ထွင် နေထိုင်လာခြင်း။ စွန့်ပစ်အညစ်အကြေးများနှင့် ရေထုညစ်ညမ်းမှုများကြောင့် ပင်လယ်ပြင်ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီး ပျောက်ဆုံးရခြင်း။ ပင်လယ်ရေပြင်အတွင်းသို့ အမှိုက်သရိုက်များ စွန့်ပစ်ခြင်း။ ရေလုပ်သားများ  စွန့်သော ပျက်စီးနေသည့် ပိုက်စုတ်များတွင် ငြိတွယ်သေဆုံးခြင်း။ ပင်လယ်လိပ်များ၏ အစာဖြစ်သည့် ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများ ဆုံးရှုံးပျက်စီးလျော့နည်းလာခြင်း။ ပင်လယ်လိပ်များ ဥချရာ သဲသောင်ပြင်များ သဘာဝကြောင့် ပျက်စီးဆုံးရှုံးခြင်း။ ရေယာဉ်ပန်ကာ(ဒလက်)များကြောင့် ဒဏ်ရာရရှိ သေဆုံးခြင်း။ ပင်လယ်လိပ်ခွံများဖြင့် အလှတန်ဆာဆင်ပစ္စည်းများနှင့် အမှတ်တရ ပစ္စည်းများအဖြစ် ရောင်းဝယ်ဖောက်ကားခြင်း။

မေတ္တာရပ်ခံချက်

ပင်လယ်လိပ်များကို သတ်ဖြတ်ခြင်း၊ စားသုံးခြင်းနှင့် ပင်လယ်လိပ်ဥများကို တူးဖော်ခြင်း၊ စားသုံးခြင်း မပြုလုပ်ရန်။

ငါးဖမ်းကိရိယာများတွင် ဖမ်းဆီးထိမိမှုများ ဖြစ်ပေါ်ပါက ငါးဖမ်းကိရိယာများမှ ဂရု တစိုက် ဖယ်ရှားပေးရန်နှင့် နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းအချက်အလက်များ (ထိမိသော ငါးဖမ်းကိရိယာ၊ ရက်စွဲ၊ လိပ်အမျိုးအစား၊ အရွယ်အစား၊ ပင်လယ်လိပ်၏ အခြေအနေ) နှင့် ပတ်သက်သော သတင်းများ ပေးပို့ရန်။

ငါးဖမ်းကိရိယာများတွင် ထိမိခဲ့ပါက ပင်လယ်လိပ်များအား ရေစိုအဝတ်ဖြင့် ဖုံးအုပ်ကာ ရေပက်ဖြန်းပြုစုပေးပြီး စိတ်ချရသည့်အခြေအနေတွင် ပြန်လည်လွှတ်ပေးရန်။

တရွတ်ဆွဲငါးဖမ်းကိရိယာများတွင် ပင်လယ်လိပ်များ လွတ်မြောက်စေနိုင်သည့် ကိရိယာ (Turtle Excluder Device- TED) တပ်ဆင်အသုံးပြုရန်။

အမှတ်အသားပါ သတ္တုပြား(Tag) ရိုက်နှီပ်ထားသော ပင်လယ်လိပ်များအား ငါးဖမ်း ကိရိယာများတွင်ထိမိပါက(Tag)နံပါတ်များကို မှတ်သား၍ နီးစပ်ရာ ငါးလုပ်ငန်းဦးစီးဌာန ရုံးများသို့ သတင်းပေးပို့ရန်။

Tag နှင့် လမ်းကြောင်းအချက်ပြကိရိယာ (Platform Transmitter Terminal) ရိုက်နှိပ် တပ်ဆင်ထားသည့် ပင်လယ်လိပ်များသေဆုံးပါက ဖြုတ်ယူသိမ်းဆည်း၍ နီးစပ်ရာ ငါး လုပ်ငန်းဦးစီးဌာနရုံးများသို့ သတင်းပေးပို့အပ်နှံရန်။

ပင်လယ်လိပ်အသေများ တွေ့ရှိပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများသို့ သတင်းပို့ရန်။

ပင်လယ်လိပ်များအား သက်ရှိရတနာသယံဇာတ အမွေအနှစ်အမွေအနှစ်တစ်ရပ်သဖွယ် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်။

မျိုးသုဉ်းရှားပါးရေနေသတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးအတွက် ထုတ်ပြန်ကြေငြာ ပြဌာန်းထားသော တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရုံးအမိန့်၊ ကြော်ငြာစာများနှင့် နှိုးဆော်ချက်များကို အလေးထားလိုက်နာခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။