နယ်သတင်းများ လယ်ယာကဏ္ဍ သတင်းကဏ္ဍ

သဖန်းဆိပ်ရေလှောင်တမံတွင် ယခုနှစ်ဆည်ရေဝင်ရောက်မှု နည်းသည့်အတွက် အလှည့်ကျရေပေးဝေမည်

​​စစ်ကိုင်းတိုင်းဒေသကြီးတွင်တည်ရှိသော သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်စနစ် သည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ရွှေဘိုပေါ်ဆန်း ဆန်အဓိကထား စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ယခုနှစ် မိုးရာသီတွင် သဖန်းဆိပ်ရေလှောင်တမံ၌ ရေဝင်ရောက်မှု နည်းပါးလျက်ရှိပြီး တမံအတွင်းရေဝင်ရောက်မှုမှာ ယခင်နှစ် ကာလတူ ပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်း လျက်ရှိ နေပြီး ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေနှင့် အောင်ရေတို့အတွက် အလှည့်ကျရေပေးဝေသည့် စီမံခန့်ခွဲမှုဖြင့်  ခြိုးခြံချွေတာပေးဝေ ဆောင်ရွက်ပေးလျက်ရှိသည်။

​​သဖန်းဆိပ်ရေလှောင်တမံရေသောက်စနစ်တွင်(၄၈၄၀၆၅)ဧက လျာထားပြီး (၂၀.၉.၂၀၁၉) နေ့ထိ (၄၇၁၇၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထားဧကအပေါ်တွင် (၉၇.၄၅) ရာခိုင်နှုန်း စိုက်ပျိုးခဲ့ပါသည်။ ရေလှောင် တမံအတွင်း ရေဝင်ရောက်မှု လျော့နည်းနေမှုအခြေအနေများအရ စိုက်ပျိုးရေကို အထူးခြိုးခြံ ချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံး ရေပမာဏဖြင့် ပေးဝေနိုင်ရေး အထူးအလေးထား စီမံဆောင် ရွက်ရန် ပြည်ထောင်စုဝန်ကြီးကလည်း အခါမလပ် ညွှန်ကြား လျက်ရှိသောကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေလှည့် စနစ်များအတိုင်း လိုက်နာအကောင် အထည်ဖော်နိုင် ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများပူးပေါင်း ၍ စိုက်ပျိုးရေမျှတစွာဖြင့် သုံးစွဲရန် ဆောင်ရွက်ပေးဝေလျက် ရှိပါသည်။ ယနေ့အချိန်ထိ စနစ်တကျ ချွေတာစု ဆောင်း ထားသော လက်ကျန်ရေနှင့် ကျန်မိုးနှောင်းကာလအတွင်း သဖန်းဆိပ်ရေလှောင်တမံ အတွင်း ထပ်မံဝင် ရောက်လာမည့် ရေများဖြင့် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်သည်အထိ ဆည်ရေလုံ လောက်မျှတစွာ ရရှိနိုင်စေရန်နှင့် ရွှေဘိုမြို့ လူထုသောက်သုံးရေနှင့် ဒေသတွင်း ကျေးရွာများ၏ သောက်သုံး ရေကိုလည်း လိုအပ်သလို ပေးဝေနိုင်ရန် ဆက်လက်စီမံ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

​​ရွှေဘိုမြို့နေ တောင်သူကြီး ဦးစိုးတင့် ကလည်း ဆည်ရေရရှိမှုနှင့်ပတ်သက်၍ ယခင်နှစ်တွေက ယခုလို အချိန်မှာ သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေအပြည့်နီးပါးရှိသဖြင့် ဒေသတွင်း မိုးမရွာ သောလည်း ဆည်ရေအာဏာပြည့် ပေးနိုင်ခဲ့၍ စိုက်ပျိုးရေအခက်အခဲမရှိပါကြောင်း၊ ယခုနှစ်တွင် မိုးစပါး စိုက်ပျိုးရေပေး ဝေချိန်မှစ၍ တမံအတွင်းတွင်လည်း ရေဝင်ရောက်မှု နည်းပြီး ဒေသတွင်းမှာလည်း မိုးရွာမှုနည်းပါးခြင်း ကြောင့် ဆည်ရေအာဏာပြည့် မပေးဝေနိုင်ဘဲအလှည့်ကျစနစ်ဖြင့် ရေယူနေရပါသဖြင့် တောင်သူတွေမှာ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရန် ရေအခက်အခဲများ ကြုံတွေရသော်လည်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် စိုက်ဧကအပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ဆည်ရေစနစ်တကျ သုံးစွဲနိုင်ခဲ့ခြင်းကြောင့် ရေဆိုးချောင်းများအတွင်း ရေလေလွင့် ဆုံးရှုံးမှု မရှိကြောင်း ပြောသည်။

​​သဖန်းဆိပ်ရေလှောင်တမံတွင် ယခုလက်ရှိ ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေ အရ စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများ အနေဖြင့် ဆည်ရေကို အထူးခြိုးခြံချွေတာပြီး အလေအလွင့်မရှိအောင် ရယူသုံးစွဲကြရန်၊ရေသောက်တောင်သူ အချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ရေလှည့်ဇယား များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေအခက်အခဲများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများအားဆက်သယ်လာပါက ညှိနှိုင်း စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

​​မိုးစပါးအောင်ရေပေးဝေပြီးနောက် တမံအတွင်း ရေသိုလှောင် ထားနိုင်မှု အခြေအနေပေါ်မူ တည်၍လာမည့် နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူ တွက်ချေကိုက်ပြီး ရေလိုအပ်ချက် နည်းသော သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် တောင်သူ လယ်သမားများသက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များ နှင့် ညှိနှိုင်းဆွေးနွေး ကြိုတင်ပေါင်းစပ် ပြီး လိုအပ်သလို စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သိရှိရသည်။