သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

နေပြည်တော် ရေဆင်း ၌ မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက် ဖွင့်လှစ်

ကိုရီးယားသမ္မတနိုင်ငံ MAFRA ၏ ကူညီထောက်ပံ့မှုဖြင့် နေပြည်တော် ရေဆင်း ၌ တည်ဆောက်ပြီးစီးသော မြန်မာ-ကိုရီးယား အဆင့်မြင့်ဆန်စက် ဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၃ နာရီက အဆိုပါဆန်စက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် ညွှန်ကြားရေးမှူးများ ၊ ခရိုင် နှင့် မြို့နယ်တာဝန်ရှိသူများ၊ ဒေသနေတောင်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် က ဝမ်းမြောက်စကားပြောကြားပြီး ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကျေးဇူးတင်စကားပြောကြားသည်။ဆက်လက်၍ Korea Rural Community Corporation-KRC Project Manager ဖြစ်သူ Dr. Park Sang Hyun က စီမံကိန်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Korea Rural Community Corporation-KRC Project Manager ဖြစ်သူ Dr. Park Sang Hyun က အဆင့်မြင့်ဆန်စက်ကို လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က လက်ခံရယူပြီး နေပြည်တော်ကောင်စီဝင် နှင့်  ညွှန်ကြားရေးမှူးချုပ် တို့က Korea Rural Community Corporation-KRC Project Manager ဖြစ်သူ Dr. Park Sang Hyun အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။

ဆန်စပါး ထုတ်လုပ်မှုကွင်းဆက် တန်ဖိုးတိုးတက်လာခြင်းဖြင့် ဆန်စပါးထုတ်လုပ်မှု လုပ်ငန်းများ ခိုင်မာအားကောင်းလာစေရန်၊ ခေတ်မီရိတ်သိမ်းခြင်းနည်းပညာ၊ ခြောက်သွေ့ လုံခြုံစွာ သိုလှောင်နိုင်မှု နှင့် အဆင့်မြင့်ဆန်စက်ဖြင့် ကြိတ်ခွဲမှု မှ ရရှိလာသော ဆန်အရည်အသွေးကြောင့် စျေးကွက်ဝင် စျေးကောင်းရနိုင်မှုကို တောင်သူများ လက်တွေ့ ခံစားနိုင်ကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့ဖွင့် လှစ်သည့် အဆင့်မြင့်ဆန်စက်တွင် ရေဆင်းဆည်ရေသောက် ဧရိယာအတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိ လာသော စပါးများကို အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်းလုပ်ငန်းများအား စိုက်ပျိုးရေးဦးစီးဌာန၏  ထိန်းသိမ်းစီမံမှုဖြင့် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

အဆိုပါဆန်စက်တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခုနှစ် မှ ၂၀၁၈-၂၀၁၉ ခုနှစ် အထိ ၃ နှစ်ကြာ ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ MAFRA ၏ ကူညီထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃.၅ သန်း ကုန်ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အဆင့်မြင့်ဆန်စက်၏စွမ်းအားမှာ ဟက်တာ ၃၀၀ မှ ၅၀၀ ဟက်တာ အထိ စိုက်ပျိုး ထွက်ရှိလာမည့် စပါးတစ်ရာသီစာအတွက် လည်ပတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။