နယ်သတင်းများ သတင်းကဏ္ဍ

မွန်ပြည်နယ်၌ ဒုတိယအကြိမ်မြောက် ကျင်းပသော သုတေသနပညာရှင်များနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၏ နည်းပညာဆိုင်ရာဆွေးနွေးပွဲကို မော်လမြိုင်၌ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်းဆောင်ရွက်သည့် သုတေသနပညာရှင်များနှင့် စိုက်ပျိုးရေးဝန်ထမ်းများ နည်းပညာဆွေးနွေးပွဲကို ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် က မွန်ပြည်နယ်၊ မော်လမြို့ရှိှ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန ၌ ကျင်းပပြုလုပ်သည်။

        ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံနှင့်် ဟင်းသီးဟင်းရွက် သစ်သီးဝလံ ပန်းမန်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်တာ နှင့် မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာသုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်း တို့ ဦးဆောင်သော သုတေသနပညာရှင်များအဖွဲ့နှင့် မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကြည်စိုး၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်အေးမေနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)မှဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ ခြံတာဝန်ခံများ၊ စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား/ သူများ၊ ရေးမြို့၊ ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်းများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသည့် စိုက်ပျိုးပညာပေးရေးဝန်ထမ်းများနှင့် နောက်ဆုံးနှစ် ကျောင်းသား/ သူများအား သုတေသနနှင့်ပတ်သက်၍ ပိုမိုသိရှိလာစေရန်၊ တောင်သူများလက်တွေ့ ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက တင်ပြဆွေးနွေးပေးရန်နှင့် ၎င်းဆွေးနွေးချက်များအား ပူးပေါင်း၍ဖြေရှင်းရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် သုတေသနလုပ်ငန်းများပါဝင်သည့် မှတ်တမ်းတင် video ကိုပြ သခဲ့ပြီး၊ တက်ရောက်လာသူများ က မြေနမူနာယူနည်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြေဆီလွှာနှင့် ပတ်သက်သည့် မြေနမူနာယူသည့်ပုံစံကို video နှင့်တကွရှင်းလင်းဖြေကြားသည်။ ဆက်လက်၍ နှစ်ရှည်သီးနှံများဖြစ်သည့် ရာဘာ၊ ဆီအုန်းနှင့်ပတ်သက်၍လည်းကောင်း၊ သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် အကြောင်းအရာများအားလည်းကောင်း power point ဖြင့်ပြသ ဆွေးနွေးခဲ့ကြသည်။

သုတေသနဦးစီးဌာန (DAR) နှင့် စိုက်ပျိုးရေးဦးစီးဌာန (DOA) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် နည်းပညာဆွေးနွေးပွဲကို ဇွန်လ ၅ ရက် နေ့လယ်ပိုင်းကလည်း သထုံမြို့ရှိ စိုက်ပျိုးရေး အသက်မွေးမှု သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ယခုအကြိမ်သည် ဒုတိယမြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။