သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မိုးကာ(Rainguard) နည်းစနစ်ဖြင့် ရော်ဘာအစေးခြစ် နည်းပညာသရုပ်ပြပွဲ တာချီလိတ်၌ကျင်းပ

        မိုးရွာလျှင် အလုပ်နားထားရသည့် ရော်ဘာအစေးခြစ်လုပ်ငန်းကို မိုးရွာသည့်ကာလ များတွင်ပါ ဆောင်ရွက်နိုင်ရေးအတွက် မိုးကာ(Rainguard) နည်းစနစ်ဖြင့် ရော်ဘာအစေးခြစ် နည်းပညာသရုပ်ပြပွဲ နှင့် ရော်ဘာစိုက်ပျိုးထိန်းသိမ်းခြင်း နည်းပညာပေး လက်တွေ့ ကွင်းသရုပ် ပြပွဲ ကို ဇူလိုင်လ ၁ ရက်နေ့က တာချီလိတ်ခရိုင်ဦးစီးမှူးရုံးရှိ တောင်သူ ပညာပေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ထွန်းမြင့်၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ ဒုတိယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာတောင်သူများ စုစုပေါင်း (၆၅)ဦးတို့ တက်ရောက်ကြသည်။

မိုးရွာသည့်အချိန်များတွင်လည်း ရော်ဘာအစေးခြစ်နိုမည်ဖြစ်သဖြင့် တောင်သူများ ဝင်ငွေ နှစ်ဆ တိုးတက်လာစေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်ရည်ရွယ်၍ အဆိုပါသင်တန်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးရုံးမှ သိရှိရ သည်။

         သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်-နေပြည်တော်)မှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဝင်းနိုင် နှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက ပို့ချဆွေးနွေးကြပြီး ဖန်မင် ကျေးရွာအုပ်စု တောင်သူ ဦးစိုင်းကျောက် ၏ ရော်ဘာစိုက်ခင်းတွင် မိုးကာ (Rainguard)စနစ် ဖြင့် ရော်ဘာအစေးလှီးခြင်းကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး တို့က လက်တွေ့သရုပ်ပြ၍ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားကြသည်။

ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ ဖြန့်ဝေပေးရေး အတွက် တောင်သူများ၏ တောင်းဆိုလာမှုများအရ မွန်ပြည်နယ်၊ မုဒုံမြို့ တွင် မကြာမီ  ဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပြီး တောင်းဆိုမှုရှိသော အခြားဒေသများတွင်လည်း သင်တန်းများ လှစ်ပို့ချပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။