၁။ မျိုးရင်း။ ။ Euphorbiaceae. (ကြက်ဆူမျိုးရင်း)
၂။ ရက္ခဗေဒအမည်။ Croton tiglium Linn.
၃။ အခေါ်အဝေါ်- (က) မြန်မာအမည်။ ကနခို
(ခ) အင်္ဂလိပ်အမည်။ ။ Purging Croton.
(ဂ) ရှမ်းအမည်။ ။ Mai- Hkang.
၄။ ပုံသဏ္ဍာန် –
အပင်။ ။ အမြဲစိမ်း ပင်လတ်မျိုးဖြစ်သည်၊ အမြင့် ၁၅ ပေမှ ပေ ၂၀ ထိရှိ၏၊ ပင်စည်အခေါက် ညိုပြာပြာရောင် ရှိ၍ချော၏။
အရွက်။ ။ ရွက်လွှဲထွက်သည်၊ ဘဲဥပုံသဏ္ဍာန်ရှိ၍ အဖျားချွန်သည်၊ အရင်းဝိုင်း (သို့) အနည်းငယ်သွယ်သည်၊ ရွက်ပြားပြောင်ချော၍ ရွက်ကြောထင်ရှား၏၊ ရွက်နား ခွေးသွားစိပ်ရှိ၏၊ ရွက်ညှာရှည်၏၊ လိမ်မော်ရောင်မှ အစိမ်းရောင်ထိရှိသည်။
အပွင့်။ ။ သေးငယ်ပြီး အဖိုပွင့်အမပွင့်ရှိသည်၊ အဖိုပွင့်၏ပွင့်ဖတ်တွင် အမွေးမဲ့၍ဖြူသည်၊ အမပွင့်၏ပွင့်ဖတ်တွင် အမွေးရှိသည်။ အပွင့်ခိုင်သည် အခက်အလက်တို့၏ အဖျားမှ ထွက်၏။ နယုန်၊ ဝါဆိုလတို့တွင်ပွင့်သည်။
အသီး။ ။ ထောင့် ၃ ထောင့် ပါရှိသော အက်ကွဲသီးဖြစ်သည်။ အစေ့ ချောမွတ်၍ ရှည်မျောမျောပုံရှိသည်။ တပိုတွဲမှ ကဆုန်လအတွင်း အသီးရင့်မှည့်သည်။
၅။ ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာပြည် ပူအိုက် စွတ်စိုသော ဒေသများ တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အမြင့်ပေ ၂၀၀၀ အထိ စိုက်ပျိုးနိုင်သည်။
၆။ ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင်ဖြစ်သည်။
၇။ စိုက်ပျိုးပုံ –
(က) ပျိုးထောင်ခြင်း။ ။ ကနခိုကို သီးသန့် စိုက်မည်ဆိုပါက မြေကို ကောင်းစွာ ထွန်ယက်ပေးရမည်။ အစေ့ကို ပျိုးထောင်ရန်မလိုဘဲ တိုက်ရိုက်ချ၍ စိုက်နိုင်သည်။ ကနခိုအခင်းအနေဖြင့် သီးခြားစိုက်ပါက တပင်နှင့်တပင် ၈ ပေ ၁၀ ပေခန့် ခွာစိုက်သင့်သည်။
(ခ) ပြုစုဂရုစိုက်ခြင်း။ ။ ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေသြဇာကျွေးခြင်း၊ ရေလောင်းခြင်းတို့ကို အပင်နှင့် မြေသား အခြေအနေကြည့်၍ ဆောင်ရွက်ပေးရမည်။
(ဂ) အသီးခူးခြင်း။ ။ ပင်သက် ၃ နှစ်သားမှ စ၍ သီးသော်လည်း ၆ နှစ်သားရောက်မှသာ သီးထွက်ကောင်းသည်၊ တပို့တွဲမှ ကဆုန်လအတွင်း အသီးများ ရင့်မှည့်လာပါက ဆွတ်ခူးပြီး အစေ့ကို ထုတ်ယူရသည်။
၈။ အသုံးပြုသည့်အစိတ်အပိုင်း။ ။ အစေ့၊ အစေ့ဆီ။
၉။ အာနိသသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ ကနခိုစေ့သည် ခါး၏၊ ပူသောသတ္တိရှိ၏၊ လေသလိပ် ဖေါက်ပြန်ခြင်းကို ပျောက်ကင်းစေ၏၊ ဝမ်းမီးကိုတောက်စေ၏။ အစေ့ဆီသည် လေသလိပ်ကို ကြေစေနိုင်၏။ ဝမ်းတစစ်စစ် သက်သောရောဂါကို ပျောက်ကင်းစေနိုင်၏။ အသည်းရောင်ခြင်းနှင့် မေ့မြောသော ရောဂါ၊ ရွဲ့စောင်းသော ရောဂါတို့မှ ကင်းဝေးစေ၏။ အဆိပ်ကို ပြေစေသည်။
၁၀။ အသုံးပြုပုံ –
အစေ့ (၁) ကနခိုစေ့ကို ဝမ်းနှုတ်ဆေး အပုပ်ချဆေးများတွင် ထည့်သွင်းအသုံးပြုသည်။
(၂) ကင်းမြီးကောက်ကိုက်သော ဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက် အဆိပ်ပျောက်ကင်း၏။
အစေ့ဆီ (၁) အစေ့ဆီကိုချင်းစိမ်းရေနှင့်ရော၍ ကလေးကြက်ညှာ ချောင်းဆိုးရောဂါကု ဆေးအဖြစ်သုံးသည်။
(၂) ကနခိုဆီ ၁- ဆ နှင့် အုန်းဆီ ၈ – ဆ ရောစပ် အဆစ် အမြစ်ကိုက်ရောဂါကို လိမ်းပေးကပျောက်၏။
(၃) ဝမ်းဗိုက် နှင့် စပ်လျဉ်းသော ရောဂါ အကြောတက်ရောဂါ၊ အဖျားရောဂါ၊ ရောင်နာ၊ ရင်းနာ၊ လည်ချောင်း၊ နားနှင့်ပတ်သက်သော ရောဂါများ အတွက်လည်း အသုံးပြုနိုင်၏။
လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း ၏ ၁၅-၅-၁၉၈၀နေ့ထုတ် မြန်မာ့ဆေးဝါးပင်များစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။