ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၁၁)ကြိမ်မြောက် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်း အဝေးကျင်းပ

(၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်၁၅ ရှိ  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ၌ ကျင်းပပြုလုပ်ရာ အစည်း အဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ဉီးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ကော်မတီ အသီးသီးတွင်ပါဝင်ကြသည့် ဆက်စပ် ဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ ဒုတိယဝန်ကြီး ဦးလှကျော် က အဖွင့်အမှာစကားပြောကြားရာ၌ အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးကို (၂)နှစ်လျှင်(၁)ကြိမ်၊  အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေးများ ကို နှစ်စဉ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ၌ အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ (၁၁)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာ နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပ ၍ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ရမှာ ဖြစ် ကြောင်း ၊ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင် ရေး၊ တုံ့ပြန်စွမ်းအားကောင်းသော  ရပ်ရွာများ ထူထောင်ပေး” ဟူသော ခေါင်းစဉ်ဖြင့် (၅)ရက် ကြာကျင်းပမည့် အဆိုပါအစည်းအဝေးအား မိမိနိုင်ငံ၏ ဂုဏ်ဒြပ်နှင့်အညီ ပြည့်စုံအောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ကော်မတီများ က ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးခန့်ဇော် က (၁၁)ကြိမ်မြောက် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေး ကြိုတင်ပြင်ဆင်ထားရှိမှု နှင့် အစည်းအဝေးကျင်းပစဉ်ကာလအတွင်း ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်များ ၊ ဉီးစီးဌာနများ မှ ညွှန်ကြားရေး မှူးချုပ်များ၊ သက်ဆိုင်ရာကော်မတီအသီးသီးတွင်ပါဝင်ကြသည့် ဆက်စပ် ဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ က လုပ်ငန်းကဏ္ဍအလိုက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်ချက် များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့် အစည်းအဝေးတက်ရောက်လာကြသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အစည်းအဝေးကာလအတွင်း ဧည့်သည် တော်များ အားပေးအပ်မည့်  အမှတ်တရလက်ဆောင်ပစ္စည်းများ ၊ ရင်ထိုးတံဆိပ်များ ၊ လမ်းညွှန်စာအုပ်များ၊ လုံခြုံရေးကတ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်း ရရှိသည်။