ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံ နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များနှင့်အတူ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲ အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai နှင့်အဖွဲ့အား နေပြည်တော် ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးသည်။

နှစ်ဘက် ဆွေးနွေးရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးထိန်းချုပ်ရေးဗဟိုဌာန နှင့် စပ်မျိုးစပါးသုတေသန ဗဟိုဌာန တည်ထောင်ရေးစီမံကိန်းများ ဆောင်ရွက်အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ၊ ပိုးမွှားရောဂါ ကင်းရှင်းပြီး အရည်အသွေးပြည့်မီသည့် မြန်မာ့စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း၊  မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်သီးနှံများအား တရုတ်စျေးကွက်သို့ တရားဝင်တင်ပို့ ရောင်းချနိုင်ရေးအတွက် အစိုးရ အချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း တို့အကြား ညှိနှိုင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တောင်သူလယ်သများ၏ လူမှုစီးပွားဘဝ မြင့်တင်ကာကွယ်ရေး အထောက်အကူပြု စီမံကိန်းများတွင် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာ-တရုတ် ရပ်ဝန်း ပိုးလမ်းမ စီမံကိန်း နှင့် စီးပွားရေးစင်္ကြံ တစ်လျှောက် အားလုံးလွှမ်းခြုံ နိုင်သော မွေးမြူရေးဇုန်များတည်ထောင်ခြင်း နှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာများထူထောင်ခြင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်း အမှတ်အဖြစ် နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။