ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း PGMF တာဝန်ရှိသူများနှင့် တွေ့ဆုံ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်တာဝန်ရှိသူများ နှင့်အတူ မေလ(၃၀)ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှု ရန်ပုံငွေအဖွဲ့အစည်း(PGMF)မှ President & CEO ဖြစ်သူ Mr.Mark Viso ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် PGMF တို့ ၂၅-၁-၂၀၁၃ နေ့တွင် MOU ရေးထိုးပြီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း Microfinance Project စတင်ခဲ့မှုအခြေအနေ ၊ လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည် လုပ်ငန်းစဥ်များ ကိုလည်းကောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရည်မှန်းချက်များ အောင်မြင်ရေး အတွက် အထောက်အကူ ပြုနိုင်ရေး နှင့် လယ်ယာကဏ္ဍနှင့် ကျေးလက်ကဏ္ဍများတွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများ တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော အသေးစားငွေကြေးဝန်ဆောင်မှုအတွေ့ အကြုံများကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေအဖွဲ့အစည်း (PGMF)သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ပူးပေါင်း၍ မြို့နယ်(၅၉) မြို့နယ်တွင် Microfinance Project ကို အကောင်အထည်ဖော်လျက်ရှိ သကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ NGOs များက ဆောင်ရွက်လျက်ရှိသည့် အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းပမာဏ၏ ၈၄%ကို စီမံခန့်ခွဲလျက် ရှိကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ကျေးလက်ဒေသများ၌ အခြေခံစီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာရေး နှင့် အဆိုပါလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။