ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပန်းလှိုင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြိုလုပ်ငန်း ဆောင်ရွက်


ဒုတိယဝန်ကြီး ဦးလှကျော် သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပန်းလှိုင်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြိုလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လက်ရှိ ပန်းလှိုင်မြစ်၏ ရေဝင်ရေထွက် မြောင်းတူးဖော်ခြင်းနှင့် ဒိုက်ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က စီမံကိန်းဆောင်ရွက်ထားရှိမှုများ၊ ရေထိန်းတံခါးတည်ဆောက်ရန် နည်းလမ်း၄ခု(A,B,C,D) လျာထားချက်နှင့် ပဏာမဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်မှာကြားသည်။

.       ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းလှိုင်တာ၏ လက်ရှိအနေအထားနှင့် ပန်းလှိုင်ရေထိန်းတံခါးတည်ဆောက်မည့်နေရာအား ကြည့်ရှုကြသည်။

နည်းလမ်း A နှင့် B တွင် အကျယ် ၁၈ မီတာရှိသည့် ရေတံခါး ၄ ခု ပါဝင်ပြီး ရေတံခါးစုစုပေါင်းအကျယ်သည် ၇၂ မီတာရှိသည်။ နည်းလမ်း B နှင့် C တွင် ၁၈ မီတာအကျယ်ရှိသည့် ရေတံခါး ၃ ခု ပါဝင်ပြီး စုစုပေါင်း ရေတံခါးအကျယ်မှာ ၅၄ မီတာ ရှိသည်။

ပန်းလှိုင်မြစ်အား စိုက်ပျိုးရေးနှင့်အနာဂတ်တွင်ဖွံ့ဖြိုးလာမည့် မြို့ပြနှင့်စက်မှုလုပ်ငန်းများအတွက်အသုံးပြုနိုင်ရန်၊ ရေချိုသိုလှောင်နိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ်ဖော်ဆောင်ရန်၊ မိုးရွာသွန်းမှုများကြောင့် ပန်းလှိုင်မြစ်၏အနီးပတ်ဝန်းကျင်ဧရိယာများကို ရေလွှမ်းမိုးမှုမှ ကာကွယ်တားဆီးရန် ရေနုတ်မြောင်းစနစ်များ ကောင်းမွန်စေရန်၊ ပင်လယ်ပြင်တွင် ကျရောက်သောအင်အားပြင်းမုန်တိုင်းများကြောင့် ရေမျက်နှာပြင်မြင့်တက်လာပြီး ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက် ရေကြီးနစ်မြုပ်မှု အနည်းဆုံးဖြစ်ရန် တို့ကို ရည်ရွယ်၍ ပန်းလှိုင်မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။