ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာအောင်သူ “ Our Ocean Conference 2019 ” ညီလာခံသို့ တက်ရောက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်သော Our Ocean  Conference 2019 ညီလာခံသို့ တက်ရောက်သည်။

အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ သမုဒ္ဒရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများ၊ ရေလုပ်ငန်းနှင့်ဆက်စပ်သော ဝန်ကြီးများ တက်ရောက် ခဲ့ရာ နော်ဝေနိုင်ငံ၊ ဝန်ကြီးချုပ် Ms. Erna Solberg က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးကြသည်။

         အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝန်ကြီးများ၊ သိပ္ပံပညာရှင်များမှ ကမ္ဘာ့ သမုဒ္ဒရာအတွင်း စိန်ခေါ်နေသော သမုဒ္ဒရာများ ရင်ဆိုင်နေရသည့် ပြဿနာများအပေါ် ကမ္ဘာလုံး ဆိုင်ရာ တုံ့ပြန်ချက်၊ ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူဆောင်ရွက်မှု၊ သမုဒ္ဒရာများ ညစ်ညမ်းမှု အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ငါးအလွန်အကျွံ ဖမ်းစီးမှုနှင့် ရေလုပ်ငန်းစီမံအုပ်ချုပ်မှု ဆိုင်ရာ စိန်ခေါ်မှုများအပေါ် အရေးယူ ဆောင်ရွက် ခြင်း ၊ သမုဒ္ဒရာများမှ ရရှိမည့် အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ရေရှည် တည်တံ့သော ပင်လယ်သမုဒ္ဒရာ စီးပွားရေး တည်ဆောက်ခြင်း၊ သမုဒ္ဒရာများ သန်မာ အားကောင်းစေရေး မြှင့်တင်ခြင်းနှင့် ကာကွယ်ပေးခြင်း စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေရှည် တည်တံ့ သော ငါးလုပ်ငန်း Sustainable Fisheries အခန်းကဏ္ဍအောက်တွင် မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ရေပြင်အတွင်း အထူး ငါးလုပ်ငန်း စီမံခန့်ခွဲသည့် ဧရိယာများနှင့် ငါးသယံဇာတ ထိန်းသိမ်းရေးဇုန်များ ထပ်မံတိုးချဲ့ သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ပင်လယ် သမုဒ္ဒရာ နှင့်ငါးလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ကြီး Seong Hyeok MOON နှင့် အဖွဲ့အား တွေ့ဆုံပြီး နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက် မည့် အစီအမံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

        ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၂၄ ရက်နေ့ ၁၁ နာရီ အချိန်တွင် နော်ဝေနိုင်ငံ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီး Dag-Inge Ulstein နှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံရာတွင် နော်ဝေနှင့် မြန်မာနိုင်ငံတို့ အကြား ကျယ်ပြန့်နက်ရှိုင်းသည့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနယ်ပယ်တွင် စွမ်းဆောင်ရည် မြင့်မား လာရေးနှင့် သယံဇာတရင်းမြစ် စီမံ ခန့်ခွဲမှုများ အတွက် “ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငါးလုပ်ငန်း ကဏ္ဍ- Fish for Development ” အစီအစဉ်ဖြင့် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီပေးနေသည့် လုပ်ငန်းစဉ် များနှင့် မြန်မာနိုင်ငံအပေါ် ကူညီ ထောက်ပံ့ပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ဆွေးနွေး ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။