ဦးစီးဌာနသတင်းများ

ချင်းပြည်နယ် အား ဓာတုဓါတ်ကြွင်းကင်းမဲ့ဇုန် (Organic Zone ) တည်ထောင် ဆောင်ရွက်နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ တို့ လိုက်ပါလျက် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ချင်းပြည်နယ် မင်းတပ်ခရိုင် ခရိုင်စိုက်ပျိုးရေးရုံးသို့ရောက်ရှိကြပြီး ခရိုင်၊ မြို့နယ် တာဝန်ရှိသူများ ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ ကာ ဒေသနေတောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ရာသီဥတုဒဏ် ကြံ့ကြံ့ ခံနိုင်ရေး ကူညီဆောင်ရွက်ပေးရန် ၊ တောင်သူပညာပေး လုပ်ငန်းနှင့် သုတေသနလုပ်ငန်းများ တစ်ပြိုင်တည်းတွဲဘက်ဆောင်ရွက်ရန် လိုအပ်ချက်များဆွေးနွေးမှာကြားသည်။

ဒေသ ရေ မြေ ရာသီဥတု အခြေအနေကောင်းများဖြင့် လက်ရှိအခြေအနေတွင် ဓါတုဆေးဝါး သုံးစွဲမှုအနည်းဆုံး ဖြစ်သော မင်းတပ်၊မတူပီခရိုင်များပါဝင်သည့် ချင်းပြည်နယ် တောင်ပိုင်း အား ဓာတုဓါတ်ကြွင်းကင်းမဲ့ဇုန် (Organic Zone ) တည်ထောင် ဆောင်ရွက်နိုင်ရေး၊   စိုက်ပျိုးရေအသုံးချမှု နည်းပညာ အသုံးပြုနိုင်ရန် ကူညီပံ့ပိုးပေးခြင်းဖြင့် ကော်ဖီစိုက် ဧရိယာများ၌ ၃ နှစ်အတွင်း ဆွတ်ခူး ဧကများ ထွက်ပေါ်လာစေရေး၊ သဘာဝ မြေဆွေး မြေသြဇာများ အကျိုးရှိစွာသုံးစွဲရေး၊ အပင်ပိုးမွှား နှင့် ရောဂါကာကွယ်သည့် သဘာဝ ပိုးသတ်ဆေးများကို ပိုမိုအားထားသုံးစွဲရေး၊ ဒေသနှင့် ကိုက်ညီ သည့် ကော်ဖီ၊ ထောပတ်၊ ဝဥ၊ လက်ဖက်၊ လိမ္မော်၊ စပျစ် စသည် သီးနှံ ၆ မျိုး အား စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရန် နည်းပညာနှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်း ပေးနိုင်ရေး တို့ကို စိုက်ပျိုးရေးဦးစီးဌာန က တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မေလ ၁၉ ရက်နေ့ တွင် ကန်ပက်လက်မြို့နယ် ပုဂ္ဂလိက ဝဥကုန်ချောထုတ်စက်ရုံ ကန်ပုလဲ သို့ ရောက်ရှိပြီး စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ ဝဥ မှ ကုန်ချော ဝဥမှုန့်၊ ဝဥခြောက် ထုတ်လုပ်နေမှုများကို လည်းကောင်း ၊ တစ်ပိုင်တစ်နိုင် ပုဂ္ဂလိကလုပ်ငန်းဖြစ်သည့် ရွှေတောင်တန်းကော်ဖီမှုန့်နှင့် လက်ဖက်ခြောက် ကုန်ချောထုတ် လုပ်ငန်းခွင်သို့ လည်းကောင်း ရောက်ရှိကြပြီး စက်ရုံများအတွင်းလှည့်လည် ကြည့်ရှု အားပေးသည်။

ထို့‌နောက် လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တောင်သူများအား လိုအပ်သည့် စိုက်ပျိုး နည်းပညာဖြန့်ဝေပေးနိုင်ရေး နှင့် မျိုးသန့်များ ပံ့ပိုးပေးနိုင်မည့် စံပြကွက်များ ပြုလုပ်၍ မျိုးသန့်မျိုးပွားထုတ်လုပ်ရန် ၊ Organic Farming ထူထောင်ရာတွင် မူလဂေဟ စနစ်ကို အခြေခံသည့် သဘာဝမြေသြဇာ အသုံးပြုရန်၊ ဒေသနှင့် ကိုက်ညီသည့် မျိုးသန့်များကို ဌာနပိုင်ခြံများမှ စိစစ်ထုတ်လုပ်ရန်နှင့် တစ်ပိုင်တစ်နိုင် ပွားများဖြန့်ဝေရန်၊ ဓါတုပိုးသတ်ဆေး များအစား တမာ၊ ဆေးရွက်ကြီးကဲ့သို့ သော သဘာဝ ပိုးသတ်ဆေးများကို သုံးစွဲရေးနှင့် ဘိုကာရှီမြေဆွေးလုပ်ငန်းများ၊ EM အား စိုက်ကွင်းများအရောက် ပို့ဆောင် ပေးရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန်၊ ဘက်စုံ စံပြကျေးရွာရွေးချယ် ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်များပြည့်စုံအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ လုပ်ငန်း တွင်ကျယ်စေရေးနှင့် လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး အသေးစား စက်ကိရိယာများ ကူညီပေးမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။